By Poesangle/ MPA
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၌ တပ်စွဲထားသည့် MNDAA တပ်များ လုံး၀ဆုတ်ခွာမှုမရှိကြောင်း MNDAA၏ ပြန်လည်ထူထောင်ရေးတာဝန်ခံက MPA သို့ အတည်ပြုပြောသည်။
တရုတ်နိုင်ငံအကူအညီနှင့် စစ်ကောင်စီနှင့် MNDAA တို့ သည် ဇန်နဝါရီ ၁၆ရက်နှင့် ၁၇ ရက်တို့၌ တရုတ်နိုင်ငံတွင် ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး အပစ်ရပ်ပြီဖြစ်ကြောင်း တရုတ်အစိုးရက ကြေညာပြီးနောက် MNDAA တပ်များ လားရှိုးမြို့မှ ဆုတ်ခွာရမည်ဟု သတင်းများ ထွက်ပေါ်လာခြင်းဖြစ်သည်။
ထိုကဲ့သို့ သတင်းများထွက်ပေါ်ခဲ့သော်လည်း MNDAA တပ်များသည် လားရှိုးမြို့မှ ဆုတ်ခွာသွားခြင်းမရှိဘဲ တရုတ်နှစ်သစ်ကူးပွဲတော်ကိုပင် တစ်လတိတိ ခမ်းခမ်းနားနား ကျင်းပနေကြောင်း ဒေသခံများထံမှ သိရသည်။
” ကျတော်တို့ ပြန်မဆုတ်ပါဘူးဗျ၊ လက်ရှိ လားရှိုးမြို့မှာလည်း ပုံမှန်သွားလာနေပါတယ် ” ဟု လားရှိုးမြို့ ပြန်လည်ထူထောင်ရေး တာဝန်ခံက ပြောသည်။
စစ်ကောင်စီနှင့် MNDAA တို့ အပစ်ရပ်ပြီးနောက် လားရှိုးမြို့တွင် အရင်ကထက် ပိုမိုစည်ကားလာပြီး MNDAA ကလည်း အုပ်ချုပ်ရေးယန္တရားကို ပုံမှန်လည်ပတ်နေကြောင်း ပြန်လည်ထူထောင်ရေး တာဝန်ခံက ဆိုသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၉ရက်က ကျရောက်သည့် တရုတ်နှစ်သစ်ကူးနေ့တွင် MNDAA တပ်က လားရှိုးမြို့မှ ဆုတ်ခွပေးရမည်ဆိုသည့် တရုတ်ဘာသာစကားဖြင့် ပြောကြားသည့် ရုပ်သံဖိုင်တစ်ခုသည် လူမှုကွန်ရက်စာမျက်နှာ၌ ပျံ့နှံ့ခဲ့ပြီး အဆိုပါ ရုပ်သံဖိုင် ပျံ့နှံ့မှုနှင့် ပတ်သက်ပြီး ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ပြန်လည်ထူထောင်ရေး တာဝန်ခံက ဆက်လက်ရှင်းပြသည်။
” လားရှိုးက ပြန်ဆုတ်ခွာမယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ သတင်းကြားကြားချင်း စိတ်ထဲမှာ ဇဝေဇဝါ ဖြစ်တယ်။ သေချာတွေးတော့ လုံး၀မဖြစ်နိုင်ဘူး။ MNDAA ပြန်ဆုတ်သွားမယ်ဆို မေးခွန်းထုတ်စရာရှိလာမယ်။ ဥပမာ မြို့ကိုသိမ်းတာ ဆုံးဖြတ်ချက် ကောင်းကောင်းမချဘဲ သိမ်းတာလာေးပါ့၊ တိုက်ပွဲအတွင်းမှာ အသက်တွေ အများကြီးပေးခဲ့ရတယ်။ ဒါတွေကို လူကြီးပိုင်းတွေလည်း သိတယ်။ ပြီးတော့ မြို့ကနေ ပြန်ဆုတ်ခွာမဲ့ ကိစ္စက သူတို့ အဖွဲ့တစ်ဖွဲ့ထဲ ဆုံးဖြတ်လို့မရဘူး ” ဟု လားရှိုးမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
ထို့ပြင် လားရှိုးမြို့ ဒေသခံများသည် စစ်အာဏာရှင်ကို မနှစ်သက်ခြင်းကြောင့် တိုင်းရင်းသား လက်နက်ကိုင်များနှင့် ပူးပေါင်းကာ တော်လှန်နေခြင်းဖြစ်သည့်အတွက် မြို့ကို ပြန်လည်လက်လွှတ်ရမည်ကို မြို့နေပြည်သူများက လက်မခံကြောင်း ၎င်းက ဆက်လက်ပြောသည်။



လားရှိုးမြို့ကို MNDAA က ထိန်းချုပ်ပြီးနောက် အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေးစသည့် ကဏ္ဍများတွင် လူထုကပါ ပူးပေါင်းဆောင်ရွက်ပေးနေကြောင်း CDM ပြုလုပ်ထားသူ တစ်ဦးက ပြောသည်။
“ ကျတော်တို့ ပြည်သူလူထု တောင်းဆိုချင်တာက ဘယ်လက်နက်ကိုင်မဆို ရထားတဲ့နယ်မြေ ပြန်ဆုတ်လို့ မကောင်းဘူးလို့မြင်တယ်။ တအာင်းတပ်လည်း အဲ့ဒီလိုပဲ ဆုတ်လို့မရဘူး။ တော်လှန်ရေးဆိုတာ ရှေ့ဆက်ဖို့ပဲရှိတယ်။ နောက်ပြန်ဆုတ်ဖို့ ကျတော်တို့ တော်လှန်တာမဟုတ်ဘူး။ ပြီးတော့ ကျတော်တို့ စကစကို ပြန်ညှိနှိုင်းတာ လုံး၀မကြားချင်ဘူး ” ဟု ၎င်းက ဆိုသည်။
MNDAA အနေဖြင့် လားရှိုးမြို့က ဆုတ်ခွာသွားပါက ၎င်း၏ ညီနောင်မဟာမိတ်တပ်ဖွဲ့တစ်ခုဖြစ်သည့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်( TNLA) ထိန်းချုပ်ထားသည့် အခြားမြို့များအတွက်လည်း အခက်အခဲကြုံတွေ့လာနိုင်ကြောင်း လားရှိုးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
“ ကိုးကန့်တပ်သာ မြို့က ဆုတ်သွားရင် ကျမတို့ အကုန်လုံး ဒုက္ခရောက်ကုန်တော့မယ်။ CDM ဝန်ထမ်းတွေ၊ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနဲ့ လူထုတွေ အကုန်ဒုက္ခရောက်တော့မယ်။ လုံခြုံရေးအတွက်လည်း စိုးရိမ်ရတယ်။ စကစ အာဏာစသိမ်းခဲ့တဲ့အချိန်လို ပြန်ဖြစ်ကုန်တော့မယ်။ ကျမတို့ လူထုတွေထပ် ပြေးရမှာ ” ဟု ၎င်းက ပြောသည်။
MNDAA တပ်များ ဇွန်လကုန်နောက်ဆုံးထားပြီး လားရှိုးမြို့မှ ထွက်ခွာသွားရမည်ဟု လူမှုကွန်ရက်စာမျက်နှာ၌ ပျံ့နှံနေသည့် ကိစ္စနှင့် ပတ်သက်၍ သေးစိတ်သိရှိနိုင်ရန် ကိုးကန့် သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ လီကျာဝင်းကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။
စစ်ကောင်စီ၏ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တည်ရှိခဲ့သည့် လားရှိုးမြို့ကို MNDAA ပူးပေါင်းတပ်များက ယမန်နှစ်(၂၀၂၄ခုနှစ်) ဇူလိုင် သုံးရက်တွင် စတင်တိုက်ခိုက်ခဲ့ပြီး ဩဂုတ် သုံးရက်တွင် မြို့ကိုသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၃ခုနှစ်၊ အောက်တိုဘာ ၂၃ရက်မှ စတင်ကာ မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့သည် ၁၀၂၇ စစ်ဆင်ရေးကို အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းရှိ သိန္နီ၊ ကွမ်းလုံ၊ ချင်းရွှေဟော်၊ တားမိုးညဲ၊ ကြူကုတ်(ပန်ဆိုင်း)၊ လောက်ကိုင်၊ ကုန်ကြမ်းမြို့တို့ကို MNDAA သိမ်းပိုက်နိုင်ခဲ့ပြီး TNLAက နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ့်ဆန်၊ မိုင်လုံ၊ ကျောက်မဲ၊ မန်တုံ၊ သီပေါ၊ မိုးမိတ်၊ နမ္မတူ၊ နောင်ချိုနှင့် မန္တလေးတိုင်း မိုးကုတ်မြို့ကို သိမ်းပိုက်နိုင်ခြင်းဖြစ်သည်။