By Ra Wai / MPA
စစ်ကိုင်းတိုင်း၊ ချောင်းဦးအခြေစိုက်စစ်တပ်မှ သေနတ်နှစ်လက်ယူကာ ထွက်ပြေးလာသည့် ပြည်သူတစ်ဦးကို ကျပ်သိန်း ၁၀၀ ချီးမြှင့်ခဲ့ကြောင်းသိရသည်။
ချောင်းဦးမြို့နယ်၊ စစ်တပ်အထိုင်စခန်းတစ်ခု၌ ဖမ်းဆီးခံထားရသည့် ပြည်သူတစ်ဦးသည် ၂၀၂၄ နှစ်ကုန်ပိုင်း၌ သေနတ်နှစ်လက်ယူကာ PDF ထံသို့ ထွက်ပြေးခိုလှုံလာခဲ့ရာ ၎င်းအား ယနေ့ (ဖေဖော်ဝါရီ လေးရက်) တွင် ဆုကြေးငွေချီးမြှင့်ခဲ့ကြောင်း Chaung U People’s Defence Force – CHU PDFက သတင်းထုတ်ပြန်သည်။
” သူကစစ်မှုထမ်းအနေနဲ့ မဟုတ်ဘူးဗျ။ သာမန်အဖမ်းခံထားရတဲ့ အနေအထားမျိုးဗျ။ ထွက်ပြေးလွတ်မြောက်လာတဲ့ ပြည်သူရဲ့ ဆန္ဒအရ သူက သူဘယ်သူလဲတို့၊ ဘယ်ကထွက်ပြေးလာတာလဲတို့ ဘာတို့ကို ထိမ်ချန်ထားဖို့ ပြောထားလို့ဗျ။ ထွက်ပြေးတာကလည်း ကြာပါပြီ။ အခုမှ ဆုချီးမြှင့်တာမျိုးလုပ်ပေးရတာ ” ဟု Chaung U People’s Defence Force – CHU PDF၊ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကပြောသည်။
ထို့အပြင် CHU PDF ၏ ဘဏ္ဍာရေးအကျပ်အတည်းကြောင့်လည်း ယခုမှ ဆုချီးမြှင့်နိုင်ခြင်းဖြစ် ကြောင်း ၎င်းက ဆိုသည်။
ယင်းပြည်သူသည် စစ်ကောင်စီတပ်ထံမှ ထွက်ပြေးလာစဉ် G3နှစ်လက်၊ ကျည်ဘောက် လေးဘောက်နှင့် ကျည် ၁၀၀ကျော် ယူဆောင်လာပြီး CHU PDF ထံသို့လက်နက်ခဲယမ်းများအပ်နှံခဲ့ကြောင်းသိရသည်။
လက်ရှိတွင် ချောင်းဦးမြို့နယ်၊ ချောင်းဦး-မုံရွာမန္တလေးလမ်းပိုင်းရှိ စစ်ကောင်စီဂိတ်စခန်းများနှင့် မြို့ပေါ်ရှိ စစ်တပ်စခန်းတို့တွင် စစ်သားအင်အားတိုးမြှင့်ခြင်းနှင့် လူပြောင်းလဲခြင်းတို့ ပြုလုပ်နေပြီး ကံကြီးကုန်းနှင့် ကင်မွန်းတော်ပျူရွာတို့တွင်မူ လှုပ်ရှားမှုမရှိကြောင်းသိရသည်။