By Ra Wai / MPA
သေနတ်နှစ်လက်ဖြင့် အလင်းဝင်လာသော ပခုက္ကူအခြေစိုက်စစ်သားတစ်ဦးကို ကျပ်သိန်း ၁၀၀ နှင့် ဖုန်းတစ်လုံးချီးမြှင့်ခဲ့ကြောင်း Burma Revolution Ranger က သတင်းထုတ်ပြန်သည်။
မကွေးတိုင်း၊ ပခုက္ကူမြို့၊ တပ်မ ၁၀၁လက်အောက်ခံ၊ ခလရ ၂၅၂မှ အဓမ္မစစ်သားစုဆောင်းခြင်းခံရ သူ တပ်သား ဝင်ဆန်းထွေးသည် MA1 တစ်လက်၊ MA2 တစ်လက်၊ ကျည်ဘောက်သုံးဘောက်နှင့် ကျည် ဆန်အတောင့် ၁၂၀တို့ ယူဆောင်လာကာ ဖေဖေါ်ဝါရီတစ်ရက်တွင် ပြည်သူ့ရင်ခွင်ခိုလှုံခဲ့ကြောင်း Burma Revolution Ranger အဖွဲ့က ဖေဖော်ဝါရီ သုံးရက်ည၌ သတင်းထုတ်ပြန်သည်။
” သူ့ဖုန်းနဲ့ ကျည်ဘောက်တစ်ဘောက်ကပြေးလာတုန်းကျနေခဲ့တာဗျ။ ပြီးတော့သူ့မှာဖုန်းကိုင်စရာမ ရှိ ဘူး။ မိသားစုတွေ၊ သူငယ်ချင်းတွေ နဲ့ပြောလို့အဆင်ပြေစေဖို့အတွက် စဥ်းစားပြီး ထည့်ပေးခဲ့တာ ပါဗျ။ အလင်းဝင်လာတဲ့လူတိုင်းတော့မဟုတ်ပေမယ့် နောက်ထက်ဝင်လာခဲ့ရင်လည်း ဒါထက် ကောင်း အောင်လုပ်ပေးဖို့စီစဥ်ထားပါတယ်ဗျ” ဟု Burma Revolution Ranger တာဝန်ခံ၊ ကိုကာတွန်းက MPA သို့ပြောသည်။
လက်နက်ဖြင့် အလင်းဝင်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်တိုင်းကို ဆုငွေချီးမြှင့်ပြီး လက်နက်မပါ လျှင်လည်း ခေါ်ထုတ်ပေးကြောင်း ၎င်းက ဆိုသည်။
” မပါပဲဝင်တာ (လက်နက်)မျိုးတော့ ဒီမှာမရှိသေးဘူးဗျ။ မပါခဲ့တောင် ခေါ်ထုတ်ပေးတာမျိုးတွေ တော့ လုပ်ပေးမှာပါဗျ” ဟု ၎င်းကပြောသည်။
ပြည်သူ့ရင်ခွင် ခိုလှုံလိုသည့် စစ်ကောင်စီတပ်သားများအနေဖြင့် Burma Revolution Ranger အဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာသို့ ချိတ်ဆက်နိုင်ကြောင်းသိရသည်။