By Ra Wai / MPA
မန္တလေးမြို့ပေါ်တွင် တစ်လအတွင်း စစ်ကောင်စီတပ်၏ ပေါ်တာဆွဲခြင်းခံရသူ ၂၀၀ကျော်ရှိကြောင်းသိရသည်။
၂၀၂၅ခုနှစ် ဇန်နဝါရီအတွင်း မန္တလေးမြို့၊ မြို့နယ် ခုနှစ်ခု၌ ဖမ်းဆီးခံရသူ ၂၃၇ဦးထက်မနည်းရှိခဲ့ပြီး ယင်းစာရင်းသည် သတင်းမီဒီယာများအပေါ် အခြေခံပြုစုထားသည့် စာရင်းဖြစ်သဖြင့် မြေပြင်၌ ယခုထက်ပိုများနိုင်ကြောင်း မန္တလေးသပိတ်အင်အားစုက သတင်းထုတ်ပြန်ထားသည်။
” အများဆုံးကတော့ ဧည့်စာရင်းစစ်ရင်းဝင်ဆွဲတာပါ။ ကြားထဲမှာလည်း လက်ဖက်ရည်ဆိုင်ထိုင် နေတဲ့လူငယ်တွေကိုဝင်ဆွဲတာမျိုး၊ ညပိုင်း ရှစ်နာရီနောက်ပိုင်းယောကျာ်းလေးတယောက်တည်း လမ်းပေါ်တွေ့ရင် ဆွဲတာမျိုးတွေပါ” ဟု မန္တလေးသပိတ်အင်အားစုအဖွဲ့ဝင်တစ်ဦးက MPA သို့ပြောသည်။
မန္တလေးမြို့၊အောင်မြေသာစံမြိုနယ်မှ ၃၂ဦး၊ ချမ်းအေးသာဇံမြိုနယ်မှ ၂၇ဦး၊ မဟာအောင်မြေမြို့နယ်မှ ၄၆ဦး၊ ချမ်းမြသာစည်မြို့နယ်မှ ၃၀၊ ပြည်ကြီးတံခွန်မြို့နယ်မှ ၃၅ဦး၊ ပုသိမ်ကြီးမြို့နယ်မှ ၃၄ဦးနှင့် အမရပူရမြို့နယ်မှ ၃၃ဦးတို့ ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
” မတရားစစ်မှုထမ်းဥပဒေပြဌာန်းချက်မှာ ယောက်ကျားလေး အသက်၃၅၊မိန်းကလေး အသက်၂၇ လို့ သက်မှတ်ထားသော်လည်း တကယ်တမ်း မတရားတပ်သားစုဆောင်းရာမှာ အသက်အရွယ်မ ရွေးဘဲ ကျန်းကျန်းမာမာနဲ့ ယောကျာ်းဆို အကုန်ဖမ်းပါတယ်။ အသက် ၂၀ ကျော်လူငယ်တွေအများ ဆုံးပါတယ်ဆိုပေမယ့် အသက်သုံးဆယ်ကျော်၊ လေးဆယ်နီးပါး တွေလည်းပါပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလက စပြီး မိန်းကလေးတွေလည်းဖမ်းတာမျိုးတွေစတင်လုပ်ဆောင်နေပါတယ်။ ပါသွားတဲ့မိန်းကလေးတွေလည်းရှိပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
စစ်ကောင်စီသည် စစ်ရေးရှုံးနိမ့်နေပြီး လူ့စွမ်းအားအရင်းမြစ်လိုအပ်လာသည့်အတွက် အမျိုးသား၊ အမျိုးသမီးနှင့် လိင်စိတ်ကွဲပြားသူများပါမကျန် စစ်မီးထဲဆွဲသွင်းနေသဖြင့် ပြည်သူများအနေဖြင့် ကြိုတင်ပြင်ဆင်မှုများပြုလုပ်ထားရန် ၎င်းက တိုက်တွန်းသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ အပါအဝင် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ ကြားကာလဒေသဆိုင်ရာစီမံခန့်ခွဲရေးကောင်စီများ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီတို့အနေနှင့် စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေ အကြောင်းပြ ကာ လူငယ်များအား မတရားဖမ်းဆီးမှုများကို အရေးကြီးသည့် လူ့အခွင့်အရေးချိုးဖောက်ခံရသော နိုင်ငံရေးဆိုင်ရာကိစ္စရပ်အဖြစ် သတ်မှတ်ကာ ကမ္ဘာ့ကုလသမဂ္ဂ၊ အာဆီယံ စသော နိုင်ငံတကာအဖွဲ့ အ စည်းများနှင့် ညှိနှိုင်းဆွေးနွေးအဖြေရှာပေးရန် မန္တလေးသပိတ်အင်အားစုက တောင်းဆိုထားသည်။
ထို့ပြင် စစ်မှုထမ်းဥပဒေအပါအဝင် ကိစ္စအမျိုးမျိုးကြောင့် တိမ်းရှောင်နေရသည့်လူငယ်များအတွက် အခွင့်အလမ်းများကို မဟာဗျူဟာ၊ နည်းဗျူဟာ၊လုပ်ငန်းစဉ်များ ချမှတ်အကောင်အထည်ဖော်ကာ အမြန်ဆုံး ဖြေရှင်းဆောင်ရွက်ပေးရန် မြန်မာနိုင်ငံတစ်ဝန်းရှိလူငယ်လူထုတစ်ရပ်လုံးကိုယ်စား မန္တလေးသပိတ်အင်အားစုက တိုက်တွန်းထားသေးသည်။