By Sayar Ngaat / MPA
မန္တလေး အိုးဘိုအကျဉ်းထောင်ရှိ ထောင်ဝန်ထမ်းများက နိုင်ငံရေးအကျဉ်းသားမိသားစုဝင်များကို ငွေကြေးလိမ်လည်တောင်းခံမှုများရှိနေကြောင်း စုံစမ်း သိရှိရသည်။
အိုးဘိုအကျဉ်းထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသားများသည် ကျန်းမာရေးမကောင်းသဖြင့် ဆေးဖိုးနှင့်အခြားပစ္စည်းများဝယ်ရန်ဟုဆိုဟာ ထောင်ဝန်ထမ်းများက မိသားစုဝင်များထံ လိမ်လည်တောင်းခံနေခြင်းဖြစ်ကြောင်း နိုင်ကျဉ်းမိသားစုဝင်တစ်ဦးက ပြောသည်။
” ထောင်ဝန်ထမ်းကနေ ဖုန်းဆက်လာတယ်။ အထဲမှာနေမကောင်းလို့ဆိုပြီး ဆေးဖိုးလိုတယ်။ တခြားပစ္စည်းလည်း ဝယ်ရမှာ၊ ငွေလွှဲပေးရမယ်ဆိုပြီး ပြောတာ၊ ကိုယ်ကလည်း တခြား ဟိုမေးဒီမေး မေးကြည့်မှ သက်သက်မဲ့ လိမ်တောင်းနေတာ ဖြစ်နေတယ် ” ဟု ၎င်းက ပြောသည်။
ယခုနှစ် ဇန်နဝါရီလ ဒုတိယပတ်မှစတင်ကာ အိုးဘိုအကျဉ်းထောင်အတွင်း အကျဉ်းသားများဝမ်းပျက်ဝမ်းလျှောဖြစ်နေသည်ကို အကြောင်းပြကာ ထောင်ဝန်ထမ်းများက ငွေကြေးလိမ်လည် တောင်းမှုများ ပြုလုပ်နေခြင်းဖြစ်သည်ဟုနိုင်ကျဉ်းမိသားစုဝင်က ဆက်ပြောသည်။
အိုးဘိုထောင်အတွင်းကျွေးသည့် ပဲဟင်းများသည် သိုးနံ့ထွက်နေသဖြင့် အကျဉ်းသားများက ထောင်အာဏာပိုင်များကို တင်ပြခဲ့သော်လည်း အစားအသောက်များကို ပြုပြင်ပေးခြင်းမရှိသဖြင့် ဇန်နဝါရီလ ဒုတိယပတ်က နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းသား ၄၀ဦးဝန်းကျင်နှင့် အကျဉ်းသူ ၂၅ ဦးဝန်းကျင်အထိ ဝမ်းပျက်ဝမ်း လျှောရောဂါဖြစ်ပွားခဲ့ရသည်။
ထိုကဲ့သို့ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားခဲ့သော်လည်း အကျဉ်းသားများကို ထောင်အာဏာပိုင်များက တစ်ဦးလျှင် ဝမ်းပိတ်ဆေးနှင့် ဓာတ်ဆားတစ်ထုပ်သာပေးပြီး မည်သည့် ကျန်းမာရေးစောင့်ရှောက်မှုမှ ပြုလုပ်ပေးခြင်းမရှိကြောင်းလည်း သိရသည်။
အိုးဘို အကျဉ်းထောင်အပါအဝင် မြန်မာနိုင်ငံအနှံ့ရှိ အကျဉ်းထောင်များသို့ ထောင်မှကန့်သတ်ပစ္စည်းများ ပါဆယ်ပို့ရာ၌ ရံဖန်ရံခါ ငွေကြေးတောင်းခံခြင်းများကို ထောင်ဝန်ထမ်းများက ပြုလုပ်တတ်ကြောင်း ထောင်ဝင်စာပါဆယ်ပေးပို့နေသူများထံက သိရသည်။
” ထောင်စာပါဆယ်ပို့တဲ့အခါမှာလည်း ဘာမပို့ရဘူး။ ညာမပို့ရဘူးဆိုပြီး သတ်မှတ်ထားတာရှိတယ်။ အဲဒါတွေ မပါလည်း၊ ပို့မရဘူးဆိုပြီး ဝန်ထမ်းတွေက ရစ်တယ်၊ အဲဒီအခါကျ ပိုက်ဆံ ပေးလိုက်မှ ရတယ် ” ဟု ထောင်ဝင်စာပါဆယ် ပေးပို့နေသူတစ်ဦးက ပြောသည်။
ထောင်ဝန်ထမ်းများက နိုင်ကျဉ်းမိသားစုဝင်များကို လိမ်လည်နေမှုများသည် ၎င်းတို့အတွက် စီးပွားရေး ဈေးကွက်တစ်ခုသဖွယ်ဖြစ်နေပြီး လိမ်လည်နေမှုများအတွက် မည်သူ့ကိုမှ တိုင်ကြား၍မရကြောင်း ပေါင်းတည်အကျဉ်း ထောင်မှ ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသား ဟောင်းတစ်ဦးက ပြောသည်။
” နယ်ဘက်က မိသားစုဝင်တွေက ရိုးသားကြတယ်။ ဘာမှလည်း သိပ်မသိကြဘူးလေ၊ အဲဒီတော့ သူတို့(ထောင်ဝန်ထမ်း)တောင်းတဲ့အတိုင်းပဲ ပေးနေရတယ်။ ကိုယ်မတောင်းလည်း အိမ်ဖုန်းဆက်ပြီး လိမ်တောင်းတာ တွေလည်း ကြုံရတယ်၊ အဲဒါတွေက ရုံးချိန်းထွက်မှဘဲ သိတယ် ” ဟု ၎င်းက ပြောသည်။
ထိုကဲ့သို့ နိုင်ကျဉ်းမိသားစုဝင်များကို ထောင်ဝန်ထမ်းများက လိမ်လည်မှုများရှိသကဲ့သို့ ထောင်ပြင်ပတွင်လည်း အကျဉ်းထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသားများကို ထောင်ဝင်စာပါဆယ်ပိုရန်ဟုဆိုကာ အကောင့်အတုများဖြင့် လိမ်လည်မှုများလည်းရှိကြောင်း နိုင်ကျဉ်းအရေးတက်ကြွလှုပ်ရှားနေသည့် အဖွဲ့များထံမှ သိရသည်။
၂၀၂၄ခုနှစ်အတွင်း မြန်မာနိုင်ငံ နေရာအနှံ့အပြားရှိ အကျဉ်းထောင် အသီးသီး၌ လုံလောက်စွာ ကျန်းမာရေးစောင့် ရှောက်မှု မရရှိခဲ့သဖြင့် သေဆုံးခဲ့ရသည့် နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ (၂၂)ဦးအထိရှိကြောင်း ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ ၃၁ရက်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ထုတ်ပြန်ထားသည်။
စစ်တပ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ တစ်ရက်မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်အထိ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၈၄၄၄ ဦးရှိပြီး လက်ရှိ အကျဉ်းထောင်များတွင် ဖမ်းဆီးခံထားရသူ ၂၁၇၂၂ ဦးရှိနေကြောင်းနိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း-AAPP၏ စာရင်းများ၏အရ သိရသည်။
စာတည်း – ကိုဆန်း