By Ra Wai / MPA
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးအချို့၏ တရားမဝင်ဝင်ငွေမှာ တစ်လ ကျပ်သိန်း၁၀၀ ခန့်အထိရှိကြောင်း သိရသည်။
မော်လမြိုင်မြို့ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှာ ပြည်ခိုင်ဖြိုးပါတီဝင်များဖြစ်ကြပြီး ဖက်တန်း၊မြေနီကုန်း၊မြိုင်သာယာစသည့် ရပ်ကွက်ကြီးများ၏ အုပ်ချုပ်ရေးမှူး များမှာ ဝင်ငွေ အထူးကောင်းမွန်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးနှင့် နီးစပ်သူတစ်ဦးထံက သိရသည်။
“မော်လမြိုင်မှမဟုတ်ဘူး။မွန်ပြည်နယ်က အုပ်ကြီးတော်တော်များများက ကြံ့ဖွတ်(ပြည်ခိုင်ဖြိုး) တွေချည်းပဲ။မော်လမြိုင်မြို့ပေါ်က စားသောက်ဆိုင်နဲ့ကေတီဗီပေါတဲ့ ရပ်ကွက်ကြီးတွေက အုပ် ကြီး တွေ တစ်လဝင်ငွေ သိန်း၁၀၀ နားကပ်တယ်”ဟု ၎င်းက MPAသို့ပြောသည်။
မော်လမြိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့မှာ စားသောက်ဆိုင်၊ကေတီဗီဆိုင်၊အနှိပ်ခန်း၊ပြည့်တန်ဆာ ခန်း၊ချဲ၊မူးယစ်ဆေး၊လောင်းကစား၊ အိမ်ခြံမြေအရောင်းအဝယ်နှင့် စစ်မှုထမ်းကြေးတို့မှ တရားမဝင်ဝင်ငွေရရှိကြ ကြောင်း သိရသည်။
“ဝင်ငွေကောင်းတဲ့ အုပ်ကြီးတွေက သူတို့အဘ တင်ချို ကို လစဉ် လိုင်းကြေး ၁၀သိန်းပေးရတာ ကျတော်တို့သေချာသိထားတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
တင်ချိုမှာ မော်လမြိုင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဌဖြစ်ပြီး လက်ရှိတွင် မော်လမြိုင်မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဝင်လည်းဖြစ်ကာ စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ် အောင်ကြည်သိန်း အားကိုး ရသည့် လက်ရုံးလည်းဖြစ်ကြောင်း သိရသည်။
“မော်လမြိုင်က ရပ်ကျေးအုပ်ကြီးတွေကို တင်ချိုပဲ ဖြုတ်၊တင်ချိုပဲခန့်တာ။ဝန်ကြီးချုပ်တပည့်ဆို တော့ တင်ချိုက ဆရာကြီးပဲ”ဟု ၎င်းကပြောသည်။
စစ်မှုထမ်းသင်တန်းများ စတင်ဖွင့်လှစ်သည့် ၂၀၂၄ခုနှစ်၊ဧပြီမှ စတင်ကာ ဒေသခံပြည်သူများ ထံမှလစဉ်ရရှိသည့် စစ်မှုထမ်းကြေးကို မော်လမြိုင်အုပ်ကြီးတို့က ဖြတ်စားခွင့်ရရှိသလို ၂၀၂၄ခုနှစ်၊ ပွင့်လင်းရာသီမှစ၍ မော်လမြိုင်မြို့ပေါ်ရပ်ကွက်များ၌ ဇာတ်ပွဲသွင်းကာ လောင်းကစားဝိုင်းများခင်း ခွင့်ရသဖြင့် ဝင်ငွေပိုကောင်းလာကြကြောင်း သိရသည်။
အောင်ကြည်သိန်းသည် မွန်ပြည်နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဌလည်း ဖြစ်သောကြောင့် ၎င်းဝန်ကြီးချုပ် ဖြစ်လာသောအခါ မွန်ပြည်နယ်အုပ်ချုပ်ရေးပိုင်းတွင် ပြည်ခိုင်ဖြိုးပါတီဝင်များ ကြီးစိုးလျက်ရှိကြောင်း သိရသည်။