By Ra Wai / MPA
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တော်လှန်ရေးလုပ်ငန်းကလွဲ၍ အခြားသော ဦးစားပေးလုပ်ငန်းများမရှိကြောင်း ယာယီသမ္မတ ဒူဝါလရှီးလက ယနေ့၊ နွေဦးတော်လှန်ရေးလေးနှစ်ပြည့်၊ နိုင်ငံတော်အခြေပြမိန့်ခွန်း၌ ပြောကြားခဲ့သည်။
စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေးသည် အစိုးရ၏ တော်လှန်ရေးတာဝန်ဖြစ်ပြီး၊ ယင်းလုပ်ငန်းတာဝန်နှစ်ရပ်ကို ထမ်းဆောင်ရာ၌ အနည်းငယ်မျှပင် တွန့်ဆုတ်ဝေဝါးခြင်းမရှိဘဲ ပြတ်ပြတ်သားသားနှင့် နိုင်ငံရေးသံန္နိဌာန်ချကာ ဆက်လက်လျှောက်လှမ်းနေကြောင်းလည်း ဆိုသည်။
” လူထုတော်လှန်ရေးခရီးပန်းတိုင်ရောက်ဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရကို လူထုက ခြေနင်းတုံးအဖြစ် အသုံးပြုပြီး ခုန်တတ်နိုင်ဖို့ဆိုရင် ကျတော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအ နေဖြင့် အမြဲအဆင်သင့်ရှိနေကြောင်း ပြတ်ပြတ်သားသားပြောကြားလိုပါတယ်” ဟု ယာယီသမ္မတဒူဝါလရှီးလက ပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရအနေနှင့် ပြည်သူလူထုအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် တော်လှန်ရေးခရီး ၊တည်ဆောက်ရေးခရီးကို ဆက်လက်လျှောက်လှမ်းနေကြောင်းလည်း ဆိုသည်။
” ခက်ခဲကြမ်းတမ်းတဲ့ နွေဦးတော်လှန်ရေးဟာ နိုင်ငံရေး လောကဓံတွေ၊ တော်လှန်ရေးလောကဓံတွေနဲ့ ဘယ်လိုပဲ ကြုံခဲ့သည့်ဖြစ်စေ ကျတော်တို့ဟာ ပြည်သူ့ဘက်ကိုသာ မျက်နှာမူပြီး ဆက်လက်ချီတက်နေမှာ ဖြစ်ကြောင်း ပြောကြားလိုပါတယ်” ဟု ၎င်းကပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၌ အားသာချက်နှင့် အားနည်းချက် ဒွန်တွဲနေပြီး အားနည်းချက် နည်းသထက်နည်းအောင်၊ အားသာချက်ကို များသထက်များပြားအောင်ကြိုးစားနေကြောင်း ၎င်းကဆိုသည်။
” ကျတော်တို့ အစိုးရအနေနဲ့ လူထုရဲ့ အကြံပေးချက်တွေကို အစဉ်တစိုက်ခံယူပြီး တော်လှန်ရေးခရီးကို ရှေ့ဆက်နေကြောင်း အသိပေးတင်ပြချင်ပါတယ်။ လူထုရဲ့အကြံပြုချက်တွေနဲ့ အမြင်သဘောထားတွေကို ကျတော်တို့အနေနဲ့ အလွန်အလေးထားပြီး ထိရောက်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း ထပ်လောင်းပြောကြားလိုပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရတစ်ရပ်ကို ဖွဲ့စည်းခဲ့ခြင်းသည် အမျိုးသားညီညွတ်ရေးအတွက် အခြေခံမူထားပြီး တော်လှန်ရေးနဲ့တည်ဆောက်ရေးလုပ်ငန်းများကို လုပ်ဆောင်ရန်ဖြစ်ကြောင်းယခုလည်း တိုင်းရင်းသားတော်လှန်ရေးမဟာမိတ်များနှင့် လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများအပြင် တော်လှန်သောမဟာမိတ်တပ်ပေါင်းစုအသွင် ဆက်လက်လုပ်ဆောင်နေကြောင်းလည်း ပြောသည်။