By Ra Wai / MPA
စစ်တပ်က အာဏာသိမ်းခဲ့ခြင်းသည် အင်ဒိုပစိဖိတ်ဒေသအတွင်း အကြီးမားဆုံးသော အကျပ်အတည်းများထဲမှ တစ်ခုကိုဖန်တီးခဲ့ခြင်း ဖြစ် ကြောင်း ဥရောပသမဂ္ဂနှင့် နိုင်ငံရှစ်နိုင်ငံတို့၏ ပူးတွဲကြေညာချက်၌ ဖော်ပြထားသည်။
စစ်တပ်၏ အာဏာသိမ်းခြင်း လေးနှစ်မြောက်ဖြစ်သော ယနေ့(ဖေဖေါ်ဝါရီတစ်ရက်)တွင် သြစတြေးလျ၊ ကနေဒါ၊ ဥရောပသမဂ္ဂ၊ ကိုရီးယားသမ္မတနိုင်ငံ၊ နယူးဇီလန်၊ နော်ဝေး၊ ဆွစ်ဇာလန်၊ ယူကေနှင့် အမေရိကန်ပြည်ထောင်စုတို့၏ ပူးတွဲကြေညာချက် ထုတ်ပြန်ရာ၌ ယင်းသို့ ဖော်ပြထား သည်။
စစ်ကောင်စီတပ်၏ အကြမ်းဖက်မှုများ အရှိန်မြှင့်ဆောင်ရွက်နေခြင်းကို အပြင်းထန်ဆုံးပြစ်တင် ရှုတ် ချကြောင်းနှင့် ယခုအချိန်သည် မြန်မာစစ်အာဏာရှင်အနေနှင့် ၄င်းတို့၏လုပ်ရပ်များကို အမြန်ဆုံးရပ်တန့်ပြောင်းလဲသင့်သော အချိန်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။
ယင်းသို့ ကြေညာချက်ထုတ်ပြန်မှုအပေါ် မုံရွာအခြေစိုက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက “စစ်တပ်က အာဏာသိမ်းခဲ့တဲ့အပေါ် မမေ့ဘူးဆိုတဲ့အကြောင်း ကြေညာချက်ထုတ်ပြန်လိုက်တာပါ။ မင်းတို့ ရဲ့ အာဏာသိမ်းမှုကို မမေ့ဘူး။မင်းတို့ကို ငါတို့မထောက်ခံဘူး။မင်းတို့ရဲ့ အကြမ်းဖက်လုပ်ရပ် တွေ ကို လုံးဝလက်မခံဘူးဆိုတာလောက်ပါပဲ။ဟုတ်ပြီ၊အဲဒီလို လက်မခံတဲ့အတွက် ဘာလုပ်မလဲဆို တော့ ဘာ မှမလုပ်ပါဘူး၊အခုလိုပဲ ကြေညာချက်ထုတ်ကန့်ကွက်မှာပါဆိုတာလောက်ပါပဲ”ဟု MPAသို့ပြောသည်။
စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများသည် ၂၀၂၁ ခုနှစ်ကထက် ၂၅ ဆနီးပါးတိုးမြင့်လာရာ တစ်ရက်လျှင် လေကြောင်းတိုက်ခိုက်မှု ပျမ်းမျှ သုံးကြိမ်ရှိကြောင်း ပဋိပက္ခဖြစ်ပွားခြင်းမရှိသည့် ဒေသများတွင် လေကြောင်းတိုက်ခိုက်မှုများ မြင့်မားလာခြင်းသည် စစ်တပ်၏ အကြမ်းဖက်မှုများ အရှိန်မြှင့်ဆောင်ရွက်နေခြင်းကို အထင်းသားပေါ်လွင်စေကြောင်း ထုတ်ပြန်ထားသည်။
အကြမ်းဖက်မှုများ ချက်ချင်းလျှော့ချရန်နှင့် နိုင်ငံတစ်ဝန်းသို့ လူသားချင်းစာနာမှုဆိုင်ရာအကူ အညီများ အတားအဆီးမရှိ အပြည့်အဝ ဘေးကင်းလုံခြုံစွာပေးအပ်နိုင်စေရန် တောင်းဆိုခဲ့သလို ပြည်သူများနှင့် အရပ်ဘက်ဆိုင်ရာအခြေခံအဆောက်အအုံများကို ပျက်စီးစေခြင်းအပါအဝင် အကြမ်းဖက်မှုများကို အဆုံးသတ်ရန်၊ နိုင်ငံရေးအကျဉ်းသားများအားလုံးကို လွှတ်ပေးရန် နှင့် စစ်မှန်ပြီး အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရန် မြန်မာစစ်အာဏာရှင်အား အလေးအနက် တိုက်တွန်းကြောင်းလည်း ထုတ်ပြန်ထားသည်။
မူးယစ်ဆေးဝါးထုတ်လုပ်ခြင်းနှင့် တရားမဝင်ကုန်သွယ်ခြင်း၊ ငွေကြေးလိမ်လည်သည့်လုပ်ငန်းများနှင့် လူကုန်ကူးမှုများအပါအဝင် တိုးမြင့်လာသော နိုင်ငံဖြတ်ကျော်မှုခင်းများကြောင့် မြန်မာပြည်သူအများအပြား ထိခိုက်နစ်နာနေရပြီး အိမ်နီးချင်းနိုင်ငံများအပေါ်တွင်လည်း သက်ရောက်မှုရှိစေကာ ဒေသတွင်းမတည်ငြိမ်မှုများ ပိုမိုဖြစ်ပေါ်စေနိုင်ကြောင်း လက်ရှိ ဖြစ်ပေါ်နေမှုများကြောင့် မြန်မာနိုင်ငံအတွက်ဖြစ်စေ၊ ဒေသတွင်းနိုင်ငံများအတွက်ဖြစ်စေ ရေရှည်အကျိုးဖြစ်ထွန်းစေမည်မဟုတ်ကြောင်းလည်း ဆိုသည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ ကို အကောင်အထည်ဖော်ဆောင်ခြင်း အား ဆက်လက် အားပေးထောက်ခံသွားရန် နိုင်ငံတကာအသိုက်အဝန်းကို တောင်းဆိုကြောင်းနှင့် မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက်ငါးရပ်အပေါ် အားပေးထောက်ခံမှုကို ထပ်လောင်းအတည်ပြုကြောင်း လည်း ထုတ်ပြန်ထားသည်။