By Ra Wai / MPA
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ထွက်ပြီးနောက် စစ်ကောင်စီအာဏာ၏ ဗဟိုချက်သို့ ရောက်ရှိနေသူ သက်သက်ခိုင်ကို ဝန်ကြီးအဖြစ်မှ ရှင်းထုတ်ပစ်လိုက်ပြီဖြစ်ကြောင်း သိရသည်။
ဇန်နဝါရီ၃၁ရက်တွင် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က စစ်ကောင်စီအစိုးရအဖွဲ့ကို ပြန်လည်ဖွဲ့စည်းခဲ့ရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး အဖြစ် ခန့်အပ်ခြင်းခံထားရသူ သက်သက် ခိုင်အား တာဝန်မှ အနားယူခွင့်ပြုလိုက်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။
“သိန်းညွန့်၊ခင်မောင်ဆွေနဲ့ နောက်ပေါက် သက်သက်ခိုင်ဆိုတာ NLD ကို ပုန်ကန်ခဲ့သူတွေအဖြစ်နဲ့ မင်းအောင်လှိုင် မြှောက်စားခြင်းခံခဲ့ရတဲ့သူတွေ။အခုစစ်ကောင်စီရဲ့ ဗဟိုချက်ကနေ သူတို့အားလုံးကို ရှင်းထုတ်ပစ်လိုက်တာ”ဟု ရန်ကုန်အခြေစိုက် နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးက MPA သို့ပြောသည်။
၂၀၁၅ ခုနှစ်တွင် NLD ပါတီကိုယ်စားပြု ပြည်သူ့လွှတ်တော်အမတ် သက်သက်ခိုင်သည် ၂၀၁၉ ခုနှစ်၌ NLD ပါတီမှ နှုတ်ထွက်ပြီး ပြည်သူ့ရှေ့ဆောင်ပါတီကို ထူထောင်ခဲ့ကာ ၂၀၂၀ ရွေးကောက်ပွဲဝင် ခဲ့ရာ ရှုံးနိမ့်ခဲ့သော်လည်း စစ်တပ်က အာဏာသိမ်းပြီးနောက် ၎င်းအား လူကယ်ပြန်ဝန်ကြီး၊ ဟိုတယ်ခရီး ဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။
NLD ဗဟိုအလုပ်အမှုဆောင်အဖြစ် တာဝန်ယူခဲ့ဖူးသူ သိန်းညွန့်နှင့်ခင်မောင်ဆွေတို့သည် ၂၀၁၀ ပြည့်နှစ်နောက်ပိုင်းတွင် ပါတီခွဲထောင်ခဲ့ကြပြီး မင်းအောင်လှိုင်အာဏာသိမ်းပြီးနောက် စစ်ကောင်စီအဖွဲ့ ဝင်အဖြစ် ခန့်အပ်ခြင်းခံရကာ ၂၀၂၃ ခုနှစ်တွင် စစ်ကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့ဝင်များအဖြစ် ပြောင်းလဲခန့်အပ်ခဲ့သည်။
“အကြံပေးဆိုတာက မကောင်းတတ်လို့ ချောင်ထဲပစ်ထည့်လိုက်တဲ့သဘောပဲ။သိန်းညွန့်နဲ့ ခင်မောင်ဆွေ နေပြည်တော်မှာ လူတိုးထဲလည်း မတိုးရဲဘူးလေ။အိမ်ထဲမှာ ငုတ်တုတ် အကျယ်ချုပ်ကျနေသလို ပါပဲ။သက်သက်ခိုင်ကျတော့ အကြံတောင်မပေးခိုင်းတော့ဘူး။တစ်ခါတည်း တန်းဖြုတ်တာ”ဟု ၎င်းက ဆက်လက်ပြောသည်။
ဇန်နဝါရီ ၃၁ ရက်တွင် ကိုယ်တိုင်ခန့် ယာယီသမ္မတ မင်းအောင်လှိုင်က ကာလုံအစည်းအဝေးခေါ်ယူ ပြီး ရွေးကောက် ပွဲပြုလုပ်နိုင်ရေးအတွက် တည်ငြိမ်အေးချမ်းမှုများလိုအပ်နေသေးသည်ဟုဆိုကာ အရေးပေါ်ကာလအဖြစ် နောက်ထပ်ခြောက်လ သက်တမ်းတိုးပေးခဲ့သည်။
ဇန်နဝါရီ ၃၁ ရက်မှာပင် စစ်ကောင်စီက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ပြည်ထောင်စုအစိုးရအ ဖွဲ့ကိုပါ ပြင်ဆင်ဖွဲ့စည်းခဲ့သည်။