By MPA
အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း PJ ကိုင်ထားသည့် အမျိုးသားများကို ယနေ့(ဇန်နဝါရီ ၃၀ ရက်)မှ စတင်ကာ ပြည်ပသို့ထွက်ခွာခွင့် ပိတ်လိုက်ပြီဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ အလုပ်သွားလုပ်မည့် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိ အမျိုးသားများကို Oversea Workers Identity Card (OWIC) ကတ် ယနေ့မှစ၍ ထုတ်မပေးတော့ကြောင်း ရန်ကုန်မြို့ OWIC ရုံးသို့ ကိုယ်တိုင်သွားလျှောက်ခဲ့သည့် လူငယ်တစ်ဦးက ပြောသည်။
“ ဒီနေ့ OWIC ကတ်သွားလျှောက်တာ လုံးဝပေးမလုပ်တော့ဘူး။ လာလုပ်တဲ့သူ ပြန်လွှတ်နေတာ။ အမျိူးသမီးတချို့ကို လုပ်ပေးနေတာတော့တွေ့ခဲ့တယ်။ ၁၈ -၃၅ အမျိုးသားတွေကိုပိတ်တာလို့ သိရတယ်” ဟု ၎င်းက MPAသို့ပြောသည်။
အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း PJ နိုင်ငံကူးလက်မှတ်ကိုင်ထားသည့် အမျိုးသားများ OWIC လျှောက်ခြင်းနှင့် သက်တမ်းတိုးခြင်းတို့ ပြုလုပ်မပေးသလို အလည်ဖြင့်ပြန်လာပြီး သက်တမ်းကျန်ရှိသူများကိုလည်း လေဆိပ်မှ ပြည်ပသို့ထွက်ခွင့် ပိတ်ပင်လိုက်ကြောင်း သိရသည်။
“ စင်ကာပူကနေ မိသားစုနဲ့ မြန်မာပြည်ပြန်ပြီး တရုတ်နှစ်ကူးတဲ့ ကျတော့်အသိတချို့ ပြည်ပထွက်ခွင့် ပိတ်ခံလိုက်ရတယ်။ အသက် ၁၈ -၃၅ အမျိုးသားတွေကို ပြည်ပထွက်ဖို့ကို စစ်မှုထမ်းကင်းလွတ်ခွင့် ထောက်ခံစာလိုမျိုးတောင်းတယ်။ OWIC သက်တမ်းရှိသေးတာတောင်ပေးမထွက်တော့ဘူး “ ဟု ပြည်ပရောက် မြန်မာတစ်ဦးက ၎င်း၏မိတ်ဆွေကြုံတွေ့ရသည်ကို ပြန်လည်ပြောပြသည်။
အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း PJ ကိုင်ထားသူများ ယခုရက်ပိုင်း၌ ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံသို့ မပြန်ကြရန် ပြည်ပရောက် မြန်မာအချို့က ယနေ့တွင် ဆိုရှယ်မီဒီယာများပေါ် နှိုးဆော်ထားကြသည်။
စစ်ကောင်စီက ပြည်သူစစ်မှုထမ်းဥပဒေ နည်းဥပဒေထုတ်ပြန်ပြီးနောက် အသက် ၁၈ -၂၅ နှစ်အမျိုးသားများကို ပြည်ပထွက် အလုပ်လုပ်ကိုင်ခွင့်ပိတ်ပင်လိုက်ခြင်းဖြစ်သည်။