By Ra Wai / MPA
မွန်ပြည်နယ်၊ မော်လမြိုင်နှင့် ချောင်းဆုံမြို့နယ်တို့ရှိ ပြည်ခိုင်ဖြိုးပါတီဝင်များသည် မည်သည့်အချိန်၌ ပြုလုပ်မည် မသိရသေးသည့် ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုများပြုလုပ်နေပြီး ပြည်နယ်အဆင့် ဝန်ကြီးရာထူးကိုပင် လျာထားပြီဖြစ်ကြောင်း သိရသည်။
လက်ရှိ မော်လမြိုင်နှင့် ချောင်းဆုံမြို့နယ်တို့တွင် မြေပြင်လူဦးရေစာရင်းများ ပြန်လည်အတည်ပြုခြင်းလုပ်ငန်းများကို စစ်ကောင်စီလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းများနှင့် ပြည်ခိုင်ဖြိုးပါတီဝင်တို့ ပူးပေါင်းဆောင်ရွက်နေကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
“ချောင်းဆုံမှာ လူစာရင်းပြန်စစ်တာ အခုလုပ်နေတယ်။ မော်လမြိုင်လည်း လုပ်တယ်။ လဝက နဲ့ရပ်ရွာအုပ်ချုပ်ရေး တွေ လုပ်တယ်ဆိုပေမဲ့ ရပ်ရွာအုပ်ကြီး၊ ရာအိမ်မှူးအကုန်လုံးက ကြံ့ဖွတ်(ပြည်ခိုင်ဖြိုး)တွေပဲ ရွေးခန့် ထားတာ၊ ပြီးတော့ ရပ်ရွာက ပါတီဝင်တွေရော လုပ်နေတာ”ဟု မော်လမြိုင်မြို့ရှိ စစ်ကောင်စီ ပြည်နယ်အစိုးရအဖွဲ့ရုံးနှင့် နီးစပ်သည့် MPAသတင်းရင်းမြစ်က ဆိုသည်။
ချောင်းဆုံမြို့နယ်အတွင်းရှိ ချောင်းဆုံအရှေ့ပိုင်းရပ်ကွက်၊ နတ်မှော်၊ ကွမ်သဲ၊ သက္ကော၊ အဘစ်နှင့် မုဒွန်းရွာတို့ တွင် မြေပြင်လူဦးရေ စာရင်း ပြန်လည်အတည်ပြုခြင်းလုပ်ငန်းကို ဇန်နဝါရီ၂၄ရက်မှစတင်ကာ လုပ်ဆောင်နေကြောင်း စစ်ကောင်စီလော်ဘီ သတင်းဌာနတစ်ခုဖြစ်သည့် ရာမညတိုင်းမ်က ဖော်ပြထားသည်။
“ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းပြန်အတည်ပြုတာလို့ပြောတယ်။ ရွေးကောက်ပွဲဘယ်တော့ လုပ်မှာလဲဆိုတော့ ဒီနှစ်ထဲလို့ပြောတယ်။ တော်လှန်ရေးဘက်က မြို့တွေ ဒီလောက်သိမ်းထားတာ ၁၀၀ပြည့်တော့မယ်။ သူတို့က ရွေးကောက်ပွဲ လုပ်မယ်ဆိုတာချည်းပဲ။ ရူးနေတာ”ဟု ချောင်း ဆုံမြို့နယ်၊ သက္ကောရွာသား တစ်ဦးက ပြောသည်။
စစ်ကောင်စီက ၂၀၂၅ခုနှစ်အတွင်း ရွေးကောက်ပွဲပြုလုပ်မည်ဟု ပြောကြားထားသော်လည်း ယနေ့ထိတိုင် မည်သည့်အချိန်၌ ပြုလုပ်မည်ဖြစ်ကြောင်း ထုတ်ပြန်ခြင်းမရှိသေးပေ။
“ကျတော်တို့ ချောင်းဆုံနဲ့ မော်လမြိုင်က ကြံ့ဖွတ်(ပြည်ခိုင်ဖြိုးပါတီ)တွေက မင်းအောင်လှိုင်ထက်တောင် ရွေး ကောက်ပွဲ ပိုဖြစ်ချင်နေကြတယ်”ဟု စစ်ကောင်စီ ပြည်နယ်အစိုးရအဖွဲ့ရုံးနှင့် နီးစပ်သူက ဆိုသည်။
ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့်အမတ်များကို ကြိုတင်လျာထား ပြီးဖြစ်သလို ရွေးကောက်ပွဲပြီးလျှင် မွန်ပြည်နယ်ဝန်ကြီးများအဖြစ် မော်လမြိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ တင်ချိုနှင့် ချောင်းဆုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ မျိုးဝင်းတို့ကို လျာထားကြောင်း မော်လမြိုင် မြို့ ပေါ်ရှိ ပြည်ခိုင်ဖြိုးပါတီဝင်ဟောင်းတစ်ဦးက ပြောသည်။
“တင်ချိုရော၊ မျိုးဝင်းရောက အောင်ကြည်သိန်း(စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ်)ရဲ့ တပည့် အရင်းတွေ၊ သူတို့နှစ်ယောက်ကို ပြည်နယ်ဝန်ကြီးလျာထားတယ်ဆိုတာ ကျတော်တို့ မော်လမြိုင် ကြံ့ခိုင်ရေးအသိုင်းအဝိုင်းမှာ နံမည်ကြီးနေတယ်။ နှစ်ယောက်စလုံးက လာဘ်စားတာ ချန်ပီယံဆိုတော့ ဝန်ကြီးခန့်မှာထင်တယ်”ဟု ၎င်းက ပြောသည်။
တင်ချိုသည် လက်ရှိတွင် မော်လမြိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဖြစ်ပြီး မျိုးဝင်းမှာ ချောင်းဆုံမြို့ နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဖြစ်ကာ အဂတိလိုက်စားခြင်းနှင့်ပတ်သက်၍ နာမည်ကြီးကြသည်။
မော်လမြိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ တင်ချိုသည် မော်လမြိုင်မြို့အုပ်ချုပ်ရေးအသိုင်းအဝိုင်းကြားတွင် ဝန်ကြီးချုပ်အဆင့် ပေါက်ရောက်သည့် အာဏာရှိသူတစ်ဦးဖြစ်သလို ပြည်နယ်ဝန်ကြီးအဖြစ် လျာထားခြင်းခံရကြောင်း သတင်းထွက် ပေါ်နေသဖြင့် မော်လမြိုင်လုပ်ငန်းရှင်အချို့က ၎င်းနှင့် ဆက်ဆံရေးကောင်းအောင် တည်ဆောက်နေကြကြောင်း သိရသည်။
မော်လမြိုင်နှင့်ချောင်းဆုံတို့သည် တော်လှန်ရေးတပ်များ အခြေစိုက်ရာနေရာများနှင့် အလှမ်းဝေးသဖြင့် စစ်ကောင်စီ ဗိုလ်ကျစိုးမိုးခြင်းခံနေရသော မြို့နယ်များဖြစ်သည်။