By Ko Paing / MPA
ရန်ကုန်မြို့ရှိ လမ်းမပေါ်များတွင် ဓားပြတိုက်သကဲ့သို့ လူဖမ်းပွဲများမှာ ယခုရက်ပိုင်းအတွင်း ပိုမို များပြားလာကြောင်း သိရသည်။
ယူနီဖောင်းဝတ်စစ်သားများနှင့် အရပ်ဝတ်တို့က ရန်ကုန်လမ်းများပေါ်တွင် လူငယ်များအား လိုက်လံ ဖမ်းဆီးမှုပိုများလာပြီး စစ်မှုထမ်းအပတ်စဉ်၁၀ အတွက် အဓမ္မလူစုဆောင်းခြင်းဟု ယူဆမိကြောင်း ရန်ကုန်အခြေစိုက် ရဲသတင်းရင်းမြစ်ထံက သိရသည်။
“အပတ်စဉ် ၁၀ အတွက် လူဖမ်းပွဲလို့ ထင်တယ်။အခု ဖမ်းနေတာ စစ်သားတွေတင်မကဘူး။ပျူစော ထီးတွေပါ လိုက်ဖမ်းနေတယ်။လူတစ်ယောက်ဖမ်းပေးနိုင်ရင် ပိုက်ဆံတစ်သိန်းကျော် အသာလေးရ တယ်လို့ကြားတယ်”ဟု ၎င်းက ပြောသည်။
မြောက်ဒဂုံ၊၄၈ရပ်ကွက်၊ဗိုလ်မှူးဗထူးအိမ်ရာထဲ၊မြောက်ဒဂုံ၊၄၆ရပ်ကွက်ထဲ၊ ရန်ကင်းမြို့နယ်၊၁၃ရပ် ကွက် ထဲ၊အရှေ့ဒဂုံ၊၅ရပ်ကွက်၊ အင်းစိန်မြို့နယ်တွင်း လိုင်ကားပေါ်၊သင်္ဃန်းကျွန်း၊ရွှေပေါက်ကံ၊လှိုင်၊ စမ်းချောင်း၊သာကေတ စသည်တို့တွင် စစ်သား၊ရဲနှင့် ပျူစောထီးတို့က ယခုရက်ပိုင်းအတွင်း လူငယ် များအား ဖမ်းဆီးနေကြောင်း ရန်ကုန်တိုင်းအတွင်း စစ်ကောင်စီ လှုပ်ရှားမှုနှင့် ထူးခြားဖြစ်စဥ်များကို အဓိကထား စုစည်းတင်ပြပေးနေသော နွေဦးတော်လှန်ရေးစာမျက်နှာ Rangoon Scout Network ကလည်း ဖော်ပြထားသည်။
“တချို့နေရာတွေမှာ ဖမ်းတာက နိုင်ငံရေးကြောင့်။ဒါပေမဲ့၊အခုနောက်ပိုင်းမှာ လက်နက်ကိုင်တဲ့ လူငယ်တွေကလွဲရင် ကျန်တဲ့ဖမ်းမိတာမှန်သမျှ စစ်မှုထမ်းထဲပို့တာများတယ်”ဟု ၎င်းက ဆက်လက် ပြောသည်။
ဖမ်းဆီးမိသောလူငယ်များကို စစ်မှုထမ်းအဌားဈေးကွက်ထဲသို့ပို့ကာ ပြန်လည်ရောင်းစားလျက်ရှိရာ လက်ရှိပေါက်ဈေးမှာ ကျပ်သိန်း၅၀မှ သိန်း၁၀၀ကျော်အထိ အစားစားရှိနေကြောင်း သိရသည်။
ယခုအခါ ရန်ကုန်၊မြို့နယ်အချို့တို့တွင် အသက်၁၈နှစ်မှ ၂၇နှစ်အတွင်း စစ်မှုထမ်းအကျုံးဝင် အမျိုး သမီးများစာရင်းကို စစ်ကောင်စီက စာရင်းကောက်ခံခြင်း၊အကြောင်းကြားစာပေးပို့ခြင်းနှင့် ရပ်ကွက် ရုံးအချို့၌ အမျိုးသမီးစစ်မှုထမ်းစာရင်းကပ်ခြင်းတို့ ပြုလုပ်လျက်ရှိသည်။
စစ်မှုထမ်းအပတ်စဉ်ကိုးသင်တန်းကို ဇန်နဝါရီ၂၀ရက်တွင် နိုင်ငံတစ်ဝန်း၌ စတင်ဖွင့်လှစ်ခဲ့သည်။