By Ra Wai / MPA
မင်းအောင်လှိုင်တက်ရောက်ခဲ့သော တရုတ်နှစ်သစ်ကူးပွဲသတင်းကို တရုတ်သံရုံး၏ ဖေ့စ်ဘွတ်ခ်စာ မျက်နှာ၌ ဖော်ပြခဲ့ရာ မြန်မာပြည်သူတို့က comment မှနေ၍ ပြင်းထန်စွာ ကန့်ကွက်ထားကြသည်။
ဇန်နဝါရီ၂၅ရက်တွင် မြန်မာနိုင်ငံရှိ တရုတ်နွယ်ဖွားအသိုင်းအဝိုင်းက ရန်ကုန်မြို့၊သုဝဏ္ဏအားကစားရုံ တစ်၌ တရုတ်နှစ်သစ်ကူးပွဲ ပြုလုပ်ခဲ့ရာ မင်းအောင်လှိုင်နှင့် ၎င်းခန့်အပ်ထားသော ဗိုလ်ချုပ်များ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး နှင့် သံရုံးတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း မြန်မာ နိုင်ငံဆိုင်ရာတရုတ်သံရုံး၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ် ဇန်နဝါရီ၂၆ရက်က ဖော်ပြခဲ့ရာ မြန်မာ ဖေ့စ်ဘွတ်ခ်အကောင့် ၃၀၀ ခန့်က စစ်ကောင်စီကို ထောက်ခံနေသည့် တရုတ်အစိုးရအား ပြင်းထန် စွာ ကန့်ကွက်စာ ရေးသားခဲ့ကြသည်။
ယင်းသတင်းအောက်ရှိ comment တွင် Soewin Oo အကောင့်က “အကြမ်းဖက်အာဏာလု SAC စစ် တပ်ကို အားပေးသော တရုတ်အစိုးရအား မြန်မာပြည်သူတွေ ခါးခါးသီးသီးမုန်းနေမည်ထာဝရ”ဟု ရေးသားထားသလို Min Thaw Ka ကလည်း “မြန်မာပြည်သူတို့၏ အမုန်းကို သိမ်းကျုံးယူနိုင်ပါပေ၏” ဟု ရေးသားထားသည်။
ယင်းနှစ်သစ်ကူးပွဲတွင် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Ms. Ma Jia က တရုတ်နှစ်သစ်ကူးပွဲ တော်ကို စစ်ကောင်စီက အများပြည်သူရုံးပိတ်ရက်အဖြစ် သတ်မှတ်ခဲ့ခြင်းသည် ဆွေမျိုးပေါက်ဖော် ချစ် ကြည်ရေးကို အလေးထားကြောင်း ပြသနေသည်ဟုဆိုသည်။
ရန်ကုန်အခြေစိုက် နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးက “ဆွေမျိုးပေါက်ဖော်ဆိုတာ အိမ်နီးချင်းတရုတ်နဲ့ မြန်မာကြား အကျိုးစီးပွားမပါဘဲ အပြန်အလှန်မေတ္တာစိတ်ကြီးစွာနဲ့ ဖေးမကူညီခြင်းကို ဆိုလိုတာပါ။ တရုတ်အစိုးရက အဲဒီဆွေမျိုးပေါက်ဖော်ဆိုတဲ့စကားကို တွင်တွင်သုံးပြီး သူတို့ရဲ့အကျိုးစီးပွားအတွက် အခုဆို မြန်မာပြည်တွင်းရေးကိုပါ ပြောင်ပြောင်တင်းတင်းဝင်စွက်လာတာ အားလုံးမျက်မြင်ပဲ”ဟု MPAသို့ ပြောသည်။
ယင်းနှစ်သစ်ကူးပွဲတွင် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က မြန်မာနိုင်ငံတည်ငြိမ် အေး ချမ်း ဖွံ့ဖြိုးရေးအတွက်တရုတ်၏ အခိုင်အမာထောက်ခံအားပေးမှုအပေါ် ကျေးဇူးတင်ကြောင်း ပြော ကြားခဲ့သည်။