By Ra Wai / MPA
၂၀၂၄ ခုနှစ်အတွင်း မြန်မာ့တပ်မတော်သမိုင်းတွင် မဖြစ်ခဲ့ဖူးသည့် ကျရှုံးမှု၊ ဆုံးရှုံးမှုမျိုးများ ဖြစ်ခဲ့ကြောင်း NUGသမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ပြောသည်။
၂၀၂၄ခုနှစ်အတွင်း ဗိုလ်ချုပ်၊ ဗိုလ်မှူးချုပ်နှင့် ဗိုလ်မှူးကြီးအဆင့် ၅၃ဦး သေဆုံး၊ ဒဏ်ရာရနှင့် သုံ့ပန်းအဖြစ် ဖမ်းဆီးခံရခြင်းများသည် ထင်ရှားသည့် သက်သေတစ်ခုဖြစ်ကြောင်း ယနေ့(ဇန်နဝါရီ ၂၁ရက်)ပြုလုပ်သော အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ၏ ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း အစီအစဉ်၌ ဦးကျော်ဇောက ဆိုသည်။
” စစ်အရှုံးကြီးရှုံးနေတဲ့ အကြမ်းဖက်စစ်တပ်က အရပ်သား၊ ပြည်သူလူထုကို အကြမ်းဖက်တိုက်ခိုက် တာတွေ၊ နှစ်သစ်ကူးချိန်မရှောင် ၂၀၂၅နှစ်ဆန်းပိုင်းတွေမှာ ဆက်တိုက်တိုက်ခိုက်ခဲ့ပါတယ်။ ရခိုင်ပြည်နယ်၊ ကျောက်တော်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာနှင့် ကချင်ပြည်နယ်၊ တနိုင်းတို့၌ တိုက်ပွဲမရှိဘဲ အရမ်းသားပစ်မှတ်တို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်တာတွေဟာ ဥပမာသင်္ကေတဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။
NUGအနေနှင့် တိုင်းရင်းသားမဟာမိတ်၊တော်လှန်ရေးအင်အားစုများနှင့် လက်တွဲကာ ယခုနှစ်အတွင်း တော်လှန်ရေးအရှိန်မြှင့်သွားမည်ဖြစ်ပြီး စစ်ရေး ပိုမိုအားကောင်းလာမှာဖြစ်သလို ပိုမိုကျယ်ပြန့်သည့် နိုင်ငံရေးသဘောတူ ညီချက်များကိုလည်း မြင်တွေ့ရမှာဖြစ်ကြောင်း ၎င်းက ဆိုသည်။
စစ်ကောင်စီတပ်သည် အကျအရှုံး အလွန်များပြားနေသဖြင့် အသက်မပြည့်သေးသည့် လူငယ်များသာမက လူကြီးများကိုပါ အတင်းအဓမ္မစစ်မှုထမ်းရန် နေ့၊ည မရှောင် တရားမဲ့ပေါ်တာဆွဲခြင်းများအား မြို့ကြီးတွေအပါအဝင် နေရာဒေသအနှံ့အပြားမှာ ပြုလုပ်နေကြောင်း လည်း ပြောသည်။
၂၀၂၄ခုနှစ်၊ ဩဂုတ် သုံးရက်တွင်လားရှိုးမြို့၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAAနှင့် မဟာမိတ်ပူးပေါင်းတပ်များက သိမ်းပိုက်ခဲ့ပြီး ၂၀၂၄ခု၊ ဒီဇင်ဘာ ၂၀ရက်တွင်လည်း အမ်းမြို့၊အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို AAက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။