By Ko Paing / MPA
ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်အတွင်း စစ်မှုထမ်းရန် ပေါ်တာဆွဲနေပြီး ကျပ်သိန်း၁၀၀ကျော် ပေးမှ ပြန်လွှတ်ပေးကြောင်း သိရသည်။
ယခုလအတွင်း ပေါင်းတည်မြို့ပေါ်တွင် စစ်ကောင်စီတပ်က ဆက်တိုက်ဆိုသလို ပေါ်တာဆွဲနေပြီး ပေါင်းတည်မြို့၊ ရွှေတည် တစ်ရပ်ကွက်အတွင်းရှိ ဖမ်းဆီးခံရသော လူငယ်တစ်ဦးကို ၎င်း၏ မိသားစု က ခြံရောင်းကာ ကျပ်၁၀၅သိန်းဖြင့် ပြန်ရွေးခဲ့ရကြောင်း ဒေသခံတစ်ဦးထံက သိရသည်။
“သူတို့ခမျာ သူ့သားမက်ဖမ်းသွားတော့ မရှိရှိတဲ့ ခြံလေးရောင်းပြီး ပြန်ရွေးရတာပေါ့။မဟုတ်ရင် သူ့သမီးက မုဆိုးမဖြစ်မှာလေ။လူမသေ ငွေမရှားပါ။စစ်တပ်ထဲသာနေရရင် သေမှာက အနှေးနဲ့အမြန်။သေတောင် အသုဘ စည်မှာမဟုတ်ဘူး” ဟု ဟင်္သာကန်ရပ်ကွက်နေ ပြည်သူတစ်ဦးက MPAသို့ပြောသည်။
ဇန်နဝါရီဒုတိယပတ်အတွင်း ပေါင်းတည်မြို့၊ဟင်္သာကန်ရပ်ကွက်အတွင်းရှိလူငယ်နှစ်ဦး ပေါ်တာဆွဲခံရပြီး တစ်ဦးမှာ ကျပ်သိန်း၁၀၀ပေးသဖြင့် ပြန်လွတ်လာကာ ကျန်တစ်ဦးမှာ မလွတ်သေးကြောင်း ပေါင်းတည် မြို့နယ်အုပ်ချုပ်ရေးနှင့် နီးစပ်သူတစ်ဦးထံ က သိရသည်။
မလွတ်သေးသည့် ဟင်္သာကန်ရပ်ကွက်သား လူငယ်နှင့်ပတ်သက်ပြီး ပေါင်းတည်မြို့ အုပ်ချုပ် ရေး နှင့်နီးစပ်သူက “သိန်း ၁၀၀ ကျော်ပေးရမယ်လို့တော့ သတင်းကြားနေရတယ်။ခုထိတော့ ပြန်မလွတ်သေးဘူး။ပေါက်စျေးကတော့ သိန်း ၁၀၀ကျော်ပါပဲ” ဟု ပြောသည်။
နေ့ခင်းဘက် စစ်တပ်ဝင်ဖမ်းခြင်းခံရသည့် ပေါင်းတည်မြို့အနီး ဗျက်ကြီးရွာနေ လူငယ်တစ်ဦးကိုလည်း ၎င်း၏ မိသားစုက ၁၀၅သိန်းဖြင့် ပြန်ရွေးခဲ့သည်။