By Ra Wai / MPA
စစ်ကောင်စီအနေနှင့် ရွေးကောက်ပွဲကို ဦးစားမပေးဘဲ အပစ်အခတ်ရပ်စဲ ချက်ချင်းလုပ်ပြီး တွေ့ဆုံဆွေးနွေးမှု စတင်ရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက တိုက်တွန်းလိုက်သည်။
ဇန်နဝါရီ၁၉ရက်၊မလေးရှားနိုင်ငံ၊လန်ကာဝီကျွန်းတွင် ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီး များ အစည်းအဝေးက ယင်းသို့ တိုက်တွန်းလိုက်ခြင်းဖြစ်ပြီး လူသားချင်းစာနာမှုအကူအညီများကို အဟန့်အတားမရှိ ပေးအပ်နိုင်ရေး ဖွင့်ပေးရန် စစ်ကောင်စီကိုယ်စားလှယ်ကို ပြောကြားလိုက် ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲ၌ ပြောကြား ခဲ့သည်ဟု ရိုက်တာသတင်းက ဖော်ပြသည်။
“ရွေးကောက်ပွဲဆိုတာ ကျတော်တို့ရဲ့ ဦးစားပေးမဟုတ်ပါဘူး။အကြမ်းဖက်မှုတွေ ရပ်တန့်ရေးက ကျတော်တို့ရဲ့ ဦးစားပေးပါ”ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။
၂၀၂၅ခုနှစ်အာဆီယံအလှည့်ကျဥက္ကဌ မလေးရှားနိုင်ငံတွင် ကျင်းပသည့် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေးသည် ရွေးကောက်ပွဲဖြင့် စိတ်ကူးယဉ်ထွက်ပေါက်ရှာချင်နေသော စစ် ကောင်စီအတွက် အထိနာစေကြောင်း ရန်ကုန်အခြေစိုက် နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးက ဆိုသည်။
“အာဆီယံက စစ်ကောင်စီပြောနေတဲ့ ရွေးကောက်ပွဲကို လက်မခံဘူးဆိုတာကို သံတမန်စကားနဲ့ အယဉ်ကျေးဆုံး ပြောလိုက်တာပဲ။ဆိုတော့ စစ်ကောင်စီရွေးကောက်ပွဲကို ထောက်ခံပါတယ်ဆိုတဲ့ တရုတ်လည်း အထိနာစေတာပဲ”ဟု ၎င်းက ပြောသည်။
အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် သံတမန်ဟောင်း အော့မန် ဟာရှင်ကို ခန့်အပ်ကြောင်းလည်း ကြေညာခဲ့ပြီး အထူးသံတမန်သည် မကြာမီ မြန်မာနိုင်ငံသို့ သွားမည်ဟု သိရသည်။
အရပ်သားများနှင့် အရပ်ဘက်ဆိုင်ရာ အဆောက်အအုံများကို အကြမ်းဖက်တိုက်ခိုက်နေမှုအပေါ် ပြစ် တင်ရှုတ်ချကြောင်းလည်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီး ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
အာဆီယံထိပ်သီးအစည်းအဝေးနှင့် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ နိုင်ငံရေးအရကိုယ်စား ပြုသူမဟုတ်သူကိုသာ တက်ရောက်ခွင့်ပြုထားသဖြင့် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိ တစ်ဦးသာ တက်ရောက်ခွင့်ရခဲ့သည်။