By Sayar Ngaat/ MPA
အကျဉ်းထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသားများ သေဆုံးခဲ့ရသည့် အကြောင်းအရာများကို လူမှုကွန်ရက်များတွင် မဖော်ပြရန် စစ်တပ်က မိသားစုဝင်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေကြောင်း နိုင်ငံရေးအကျဉ်းသားများကို ကူညီစောင့်ရှောက်မှုများ ပြုလုပ်ပေးနေသည့် အဖွဲ့အစည်းများထံမှ စုံစမ်း သိရှိရသည်။
စစ်ကောင်စီအနေဖြင့် အကျဉ်းထောင်များအတွင် နိုင်ငံရေးအကျဉ်းသားများ သေဆုံးခဲ့သည့် ဖြစ်စဉ်များကို ပြည်သူများ အာရုံမစိုက်မိစေရန် ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ ပြုလုပ်နေခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက်မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။
” သေဆုံးမှုတွေဖြစ်တိုင်းမှာ မိသားစုဝင်တွေကို ပြင်ပဆိုရှယ်မီဒီယာတွေပေါ်မှာ တင်ရင် အရေးယူခံရမယ်ဆိုပြီး ခြိမ်းခြောက်ပြောဆိုတာမျိုး လုပ်ဆောင်နေတယ်။ အဲ့ဒါကြောင့်မလို့ နိုင်ကျဥ်းမိသားစုဝင်တွေက သေဆုံးမှုတွေကို အခြားလူတွေကို ပြောမပြရဲတာမျိုး ၊ အသိမပေးရဲတာမျိုးလောက်ထိကို ဖြစ်နေပါတယ်။ ဒါရည်ရွယ်ချက်ရှိရှိနဲ့ ထောင်တွင်းသေဆုံးမှုကိစ္စရပ်တွေကို ပြည်သူတွေသိရှိပြီး အာရုံစိုက်လာမှာစိုးလို့ ထိန်းချုပ်နေတယ်လို့ မြင်ပါတယ် ” ဟု ကိုသိုက်ထွန်းဦးက ပြောသည်။
ထို့ပြင် စစ်ကောင်စီက ထောင်တွင်း နိုင်ငံရေးအကျဉ်းသားသေဆုံးမှုများကို ထိန်းချုပ်ရန် ကြိုးစားမှုများသည် လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်သည့်အတွက် အဆိုပါကိစ္စရပ်များကို ဆက်လက်စုံစ်းဖော်ထုတ်သွားရမည်ဖြစ်ကြောင်း ကိုသိုက်ထွန်းဦးက ဆိုသည်။
၂၀၂၄ခုနှစ်အတွင်း မြန်မာနိုင်ငံအနှံ့ရှိ အကျဉ်းထောင် အသီးသီးတွင် ကျန်းမာရေး စောင့်ရှောက်မှု လုံလောက်စွာ မရရှိသဖြင့် သေဆုံးခဲ့ရသည့် နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ ၂၂ ဦးထိရှိကြောင်း ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာ ၃၁ရက်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ထုတ်ပြန်ထားသည်။
ထိုကဲ့သို့ အကျဉ်းထောင်အတွင်း သေဆုံးခဲ့ရသူများတွင် အမျိုးသမီး သုံးဦး၊ အမျိုးသား ၁၈ဦး နှင့် LGBT တစ်ဦးတို့ဖြစ်ပြီး ယင်းအရေအတွက်သည် လက်လှမ်းမီသမျှ ပြုစုထားသည့် စာရင်းသားဖြစ်ပြီး မြေပြင်အရေအတွက်သည် လက်ရှိထိ ပိုများနိုင်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ဆိုသည်။
“ ထောင်အပြင်မှာတောင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စစ်တပ်က ပေါ်ပေါ်ထင်ထင် ပြုလုပ်နေတာ၊ ထောင်ထဲက အမျိုးသမီးတွေကိုဆို ပြောစရာစကားမရှိလောက်အောင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ခံရတယ်။ အဲ့ဒါကြောင့် မို့လို့ ဘယ်လိုပဲ စစ်တပ်က ဖုံးထား ဖုံးထား၊ နိုင်ကျဉ်းသူတွေအတွက် တရားမျှတမှုရအောင် ဆက်လုပ်သွားမှာပါ ” ဟု နိုင်ငံရေးအကျဉ်းသူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိ အကျဉ်းဦးစီးဌာနမှ ထောင်အာဏာပိုင်များသည် နိုင်ငံရေးအကျဉ်းသူများကို ရှာဖွေစစ်ဆေးမှုများပြုလုပ်ကာ တရားမဝင်ပစ္စည်းများ တွေ့သည်ဟူဟော အကြောင်းပြချက်ဖြင့် ရိုက်နှက်ခြင်း၊ တိုက်ပိတ်ခြင်းများ မကြာခဏ ပြုလုပ်တတ်ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။
ယမန်နှစ်( ၂၀၂၄ခုနှစ်)၊ ဇွန် ၁၅ရက်က ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသူများကို စစ်ဆေးမှုပြုလုပ်ပြီးနောက် မူးယစ်ဆေးဝါးများတွေ့ရှိသည်ဟုဆိုကာ အမျိုးသမီးဆောင်ကို သေနတ်များ ပစ်ဖောက်ဝင်ရောက်ပြီး ရိုက်နှက်ခြင်း၊ လေးဂွများဖြင့် ပစ်ခြင်း၊ အုတ်ခဲများဖြင့် ပစ်ခြင်းများဖြင့် အကြမ်းဖက်မှုများ လုပ်ဆောင်ခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသူများအဖွဲ့က ထုတ်ပြန်ခဲ့သည်။
“ မသေရုံလောက်ပဲ စားရတယ်။ ကျန်းမာရေးအတွက်ဆိုတဲ့စကားက အထဲမှာ မရှိဘူး။ တစ်ခုခုပြန်ပြောရင် အရိုက်ခံရတယ်။ ပြောရင်တောင် အရိုက်ခံရတော့မှ အတွင်းက သတင်းတွေ အပြင်ကို ထုတ်ရင် တိုက်ပိတ်ခံရတယ်။ တကယ့်လူ့ငရဲပါပဲ ” ဟု အိုးဘိုအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ တစ်ရက်မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၇ရက်အထိ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၈၂၆၅ ဦးရှိပြီး လက်ရှိ အကျဉ်းထောင်များတွင် ဖမ်းဆီးခံထားရသူ ၂၁၅၂၂ ဦးရှိနေကြောင်းနိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း-AAPP၏ စာရင်းများ၏အရ သိရသည်။