By Nway / MPA
မွန်တပ် လေးတပ်ပူးပေါင်းပြီး ရာမညပူးပေါင်းစစ်ကြောင်းကို ဖွဲ့စည်းမည်ဖြစ်ကာ တခုတည်းသော မွန်တပ်တော်ပေါ်ထွန်းလာရေးအတွက် အစဖြစ်ကြောင်း သိရသည်။
ဇန်နဝါရီ ၁၇ရက်တွင် လွတ်မြောက်နယ်မြေတစ်နေရာ၌ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA)၊ မွန်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (MNLA-AD)၊ မွန်ပြည်ကာကွယ်ရေးတပ်(MSDF) နှင့် မွန်ပြည်တော်လှန်ရေးတပ် (MSRF) တို့ တွေ့ဆုံခဲ့ကြပြီး ၎င်းတို့၏ ပူးတွဲစစ်ဆင်ရေးလုပ်ငန်းများအတွက် “ရာမညပူးတွဲစစ်ကြောင်း”ကို ဖွဲ့စည်းမည်ဖြစ်ကြောင်း ဇန်နဝါရီ ၁၉ရက် ညနေပိုင်း၌ သတင်းထုတ်ပြန်သည်။
” ရာမညပူးတွဲစစ်ကြောင်းအနေနဲ့ စစ်ရေးအရ သင့်တော်တဲ့နေရာတစ်ခုခုမှာ အခြေစိုက်ပြီး မွန်ပြည် နယ်အတွင်း စစ်ရေးလှုပ်ရှားသွားမှာပါ။ စစ်ကြောင်းကို ဖွဲ့စည်းပြီး စစ်ရေးအရ တာဝန်ခွဲဝေမှုတွေပြု လုပ်ပြီးတာနဲ့ စစ်ရေးလှုပ်ရှားမှုတွေ စတင်ဖော်ဆောင်မှာပါ ” ဟု ရာမညပူးတွဲစစ်ကြောင်း၏ ပြန် ကြားရေးနှင့်ဆက်ဆံရေးဌာနတာဝန်ခံ ဒေါက်တာသီရိမွန်ချမ်းက MPA ကို ပြောသည်။
ယင်းတပ်ဖွဲ့လေးဖွဲ့သည် ဘုံရန်သူ စစ်ကောင်စီကို တိုက်ခိုက်ရာတွင် စစ်ရေးအရ ပူးပေါင်းဆောင် ရွက်မှုများ၊ မဟာမိတ်ပြုခြင်းမှတစ်ဆင့် ကျစ်လျစ်ခိုင်မာသည့် တပ်တစ်ခုတည်းအနေဖြင့် တိုက်ပွဲ ဝင်သွားပါက နွေဦးတော်လှန်ရေးအောင်ပွဲ၊ အမျိုးသားရေးအောင်ပွဲများကို လွယ်ကူစွာရရှိနိုင် မည်ဖြစ်ကြောင်း ဒေါက်တာသီရိမွန်ချမ်းက ပြောသည်။
၎င်းတပ်လေးတပ်အပြင် အခြားကျန်ရှိနေသေးသည့် မွန်လက်နက်ကိုင်တပ်များအားလုံး ပါဝင်သော မွန်တပ်တော်တခုအဖြစ် တည်ဆောက်ရန်လည်း ဘုံသဘောထားရရှိထားကြောင်း သိရသည်။
” ဒီစစ်ကြောင်းပေါင်းစည်းရခြင်းရဲ့ အန္တိမရည်မှန်းချက်ဟာ မွန်လက်နက်ကိုင်တပ်တွေအားလုံး တတပ်တည်းဖြစ်တဲ့မွန်တပ်တော်ဖြစ်ဖို့ပါ” ဟု ၎င်းက ဆက်လက်ပြောသည်။
၂၀၂၄ခု၊ ဒီဇင်ဘာ ၁၈ရက်ကလည်း MLA၊ MNLA-AD၊ MSDF ၊ MSRF တို့ အစည်းအဝေးပြုလုပ်ခဲ့ပြီး မွန်တပ်တော်ပေါ်လာရေး ပထမအဆင့်အနေဖြင့် ပူးပေါင်းစစ်ရေးလှုပ်ရှားမှုများ ပြုလုပ်သွားရန် သဘောတူညီကြောင်း ထုတ်ပြန်ခဲ့သေးသည်။