By Poesangle / MPA
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသရှိ စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်နေသည့် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)က ၎င်းတို့ရည်မှန်းချက်များအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။
ကျောက်ကူဒေသည် ၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့သို့ ဖြတ်သန်းသွားလာနိုင်သည့် လမ်းတစ်ခုဖြစ်ပြီး အဆိုပါ လမ်းမှ တဆင့် စစ်ကောင်စီက စစ်အင်အားဖြည့်တင်းမှုများ ပြုလုပ်နေခြင်းကြောင့် ယမန်နှစ်(၂၀၂၄ခုနှစ်)၊ နိုဝင်ဘာလမှစတင်ကာ DPLA နှင့် စစ်ကောင်စီတပ်များအကြား ထိတွေ့တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်သည်။
“ တိုက်ပွဲအခြေအနေကတော့ ကျတော်တို့ ရည်မှန်းထားတဲ့အတိုင်း ဆက်လက်အကောင်အထည်ဖော်သွားမှာဗျ၊ ပြီးတော့ ၁၀၂၇ စစ်ရေး ဒုတိယလှိုင်းမှာ နောင်ချိုမြို့သိမ်းတိုက်ပွဲကို ကျတော်တို့မဟာမိတ်တပ်တွေနဲ့ ဆင်နွှဲခဲ့တယ်။ တောင်ခမ်းမှာလည်း ထိုးစစ်ဆင်နေတာတွေရှိတယ်။ ကျောက်ဂူမှာလည်း ကျတော်တို့ တောက်လျှောက် ထိုးစစ်ဆင်နေတယ် “ ဟု DPLA မှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
ထိုကဲ့သို့ ကျောက်ဂူဒေသအတွင်း DPLA က ထိုးစစ်ဆင်နေမှုကြောင့် စစ်ကောင်စီက လေကြောင်းအသုံးပြုပြီး ဗုံကြဲတိုက်ခိုက်မှုများပြုလုပ်နေရာ ပြီးခဲ့သည့် ဇန်နဝါရီ ၁၆ရက်က ကျောက်ဂူဒေသ၊ လွယ်ဟောင်ရွာတွင် လေကြောင်းဖြင့် ဗုံးကြဲခံရမှုကြောင့် အရပ်သား တစ်ဦးသေဆုံးပြီး ကလေးငယ် တစ်ဦးအပါအဝင် ၁၃ဦး ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း DPLA က ဇန်နဝါရီ ၁၇ရက်တွင် ထုတ်ပြန်ထားသည်။
လက်ရှိ ကျောက်ကူဒေသအတွင်း DPLA နှင့် စစ်ကောင်စီတပ်တို့အကြားတိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေမှုကြောင့် ဒေသခံ သုံးထောင်နီးပါး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။
ထို့ပြင် စစ်အာဏာရှင် စနစ်ကျရှုံးစေရေးအတွက် ထိုးစစ်များကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သောကြောင့် ကျောက်ဂူဒေသရှိ ဒေသခံများနှင့် စစ်ဘေးရှောင်များအနေဖြင့် စစ်ရေးဧရိယာများအတွင်း မနေရန် DPLA က တိုက်တွန်းထားသည်။
ကျောက်ဂူဒေသတွင်ဖြစ်ပွားနေသည့် တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းအပြင် လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် ဇန်နဝါရီ ၁၅ရက်ကလည်း ရွာသားတစ်ဦး လက်နက်ကြီးစထိမှန်ပြီး ပြင်းထန်စွာဒဏ်ရာရရှိခဲ့သည့်အပြင် ဇန်နဝါရီ ၁၄ရက်ကလည်း စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်အချို့ထိခိုက်ပျက်စီးခဲ့ရသည်။
“ ကျောက်ဂူဘက်မှာ တိုက်ပွဲတွေဖြစ်တာတော့ ကြားတယ်။ စစ်ကောင်စီကလည်း လေကြောင်းနဲ့ တိုက်ခိုက်လို့ ဒေသခံတွေ အသက်ဆုံးရှုံးတာတွေလည်းရှိတယ်။ လောလောဆယ်တော့ ရွာဘက်မှာ လူမရှိတော့ အဆက်အသွယ်လည်းမရတော့ဘူး။ ကျမတို့လည်း စစ်ရှောင်နေရတယ် ” ဟု ကျောက်ဂူဒေသခံ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဒေသခံများကို DPLA က ဆေးဝါးကုသမှုများ ပြုလုပ်ပေးနေကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ငါးရက်ကလည်း ကျောက်ဂူဒေသ၊ တောင်ထိပ်ကျေးရွာနှင့် အင်းတောမြို့ကျေးရွာကြားတွင် DPLA နှင့် စစ်ကောင်စီတို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီကဘက်က ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း DPLA က ထုတ်ပြန်ခဲ့သေးသည်။
လက်ရှိ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့တွင် ထိတွေ့တိုက်ပွဲများဖြစ်ပွားနေသည့်အပြင် ပအိုဝ်းဒေသဖြစ်သည့် ဆီဆိုင်မြို့တွင်လည်း စစ်ကောင်စီနှင့် PNLO တပ်ဖွဲ့များအကြား တိုက်ပွဲများဖြစ်ပွားနေမှုကြောင့် ကျေးရွာ ၁၀ ရွာမှ ပြည်သူ ၁၀၀၀ခန့် များထွက်ပြေးတိမ်းရှောင်နေရပြီး စားဝတ်နေရေးအပြင် သောက်သုံးရေအတွက်ပါ အခက်အခဲကြုံတွေ့နေရသည်ဟု စစ်ဘေးရှောင်များထံမှ သိရသည်။
“တောင်ရှေ့၊ တဘက်၊ နောင်ကျောကျေးရွာအုပ်စုက ရွာ ၁၀ရွာလောက်စစ်ရှောင်နေရတယ်။ စစ်ရှောင်တွေအတွက် အကူအညီလည်းမရသေးဘူး။ သွားကူဖို့လည်း မလွယ်ဘူး။ အဲ့ဒီရွာတွေက နှစ်တိုင်း ရေရှားတယ်။ တော၊ တောင်ထဲမှာ ရှောင်ရတော့ ပိုပြီးဆိုးဆိုးရွားရွား ဒုက္ခတွေ့နေရတာ၊ အစားအသောက်ပိုင်းလည်း ခက်ခဲတယ်။ ရေချိုးဖို့မပြောနဲ့ ထမင်း၊ ဟင်းချက်ဖို့နဲ့ သောက်သုံးရေအတွက်တောင်မရှိဘူး ” ဟု စစ်ဘေးရှောင်များကို ကူညီဆောင်ရွက်ပေးနေသည့် အမျိုးသားတစ်ဦးက ပြောသည်။
ထို့ပြင် ဆီဆိုင်မြို့အဝင်ရှိ စစ်ကောင်စီ၏ ခမရ-၄၂၃ တပ်ရင်းအတွင်းမှ ကျေးရွာများဘက်သို့ နေ့စဉ် လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှုများရှိနေကြောင်း PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်ယံက ပြောသည်။
“ စစ်ကောင်စီရဲ့ ယုတ်မာမှုက ပြောစရာစကားမရှိလောက်အောင်ဖြစ်တယ်။ စစ်ရာဇဝတ်မှုတွေကို နေ့တိုင်းကျူးလွန်နေတယ်။ ဇန်နဝါရီ ၁၈ရက်ကလည်း ဆီဆိုင်မြို့ အရှေ့ဘက်ခြမ်းမှာရှိတဲ့ လွယ်ချယ်ကျေးရွာကို ဗုံးလေးလုံးကြဲတယ်။ စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတယ် “ ဟု ၎င်းက ပြောသည်။
ဇန်နဝါရီ ၁၇ရက်က ဆီဆိုင်မြို့ ပင်ငိုကျေးရွာ၊ နောင်ကျောကျေးရွာနှင့် ဖြီဖိတ်ကျေးရွာများသို့ အင်အား ၅၀၀ နီးပါးဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီနှင့် PNO တပ်ဖွဲ့ကို PNLAက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီကဘက် ၁၀၀ ခန့် သေဆုံးခဲ့ကြောင်း PNLAက ဇန်နဝါရီ ၁၈ရက်တွင် ထုတ်ပြန်ထားသည်။
လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် နောင်ချိုမြို့နယ်မှ အပ ကျန်နေရာများ၌ တိုက်ပွဲများ ငြိမ်သက်နေသော်လည်း ရှမ်းပြည်နယ်တောင်ပိုင်း၌ ရပ်စောက်မြို့နှင့် ဆီဆိုင်မြို့များတွင် ထိတွေ့တိုက်ပွဲများ နေ့စဉ်နီးပါးဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းပစ်ကူအလွန်အကျွံအသုံးပြုမှုကြောင့် အရပ်သားပြည်သူများ သေဆုံးနေရသည်။