By Nway / MPA
နိုင်ငံ၏ သုံးပုံတပုံကိုတောင် စစ်ကောင်စီ စိုးမိုးအုပ်ချုပ်နိုင်ခြင်း မရှိတော့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ( ဇန်နဝါရီ ၄ ရက် )ထုတ်ပြန်သော ၂၀၂၄ ခုနှစ် စစ်ရေးဖြစ်ပေါ်တိုးတက်မှုအခြေအနေ အစီရင်ခံစာတွင် ဖော်ပြထားသည်။
၂၀၂၄ခု၊ ဒီဇင်ဘာအထိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)နှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များက စိုးမိုးအုပ်ချုပ်လျက်ရှိသည့် မြို့နယ်ပေါင်း ၁၁၄ မြို့နယ်ရှိပြီး ၎င်းတို့အနက် မြို့ ၉၅မြို့ (မြို့နယ်အားဖြင့် ၄၈ မြို့နယ်) ကို အပြီးသတ်သိမ်းပိုက်ထားကြောင်း၊ မြို့နယ် ၇၉မြို့နယ်တွင် တော်လှန်စစ်ဖြစ်ပွားနေပြီး စစ်ကောင်စီက စိုးမိုးအုပ်ချုပ်နိုင်သည့်မြို့နယ် ၁၀၇ မြို့နယ်သာ ကျန်ရှိတော့ကြောင်း အစီအရင်ခံစာ၌ ပါရှိသည်။
“ပြည်သူတွေမှာ ပြည်သူပဲ ရှိတယ်ဆိုတဲ့စိတ်ဓာတ်နဲ့ ပြည်သူတွေရဲ့ ပံ့ပိုးထောက်ခံမှုအားနဲ့ ၂၀၂၄မှာ စစ်ကောင်စီမျက်ဖြူဆိုက်တဲ့အထိ အောင်ပွဲခံနိုင်ခဲ့တယ်။နိုင်ငံတကာအကူအညီသာ ထိထိမိမိရမယ် ဆိုရင် ၂၀၂၅မှာ မင်းအောင်လှိုင်ရုရှားပြေးရနိုင်တယ်” ဟု ရန်ကုန်အခြေစိုက် နိုင်ငံရေးဆောင်းပါးရှင် တစ်ဦးက MPA သို့ပြောသည်။
တစ်နိုင်ငံရှိ မြို့နယ်စုစုပေါင်း၏ ရာခိုင်နှုန်း ၄၀ ကို PDF နှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များက စိုးမိုးထိန်းချုပ်ထားပြီး ၂၄ရာခိုင်နှုန်းတွင် တော်လှန်စစ်ဖြစ်ပွားနေကာ စစ်ကောင်စီက မြို့နယ်စုစုပေါင်း၏ ၃၂ ရာခိုင်နှုန်းကိုသာ ထိန်းချုပ်ထားနိုင်ကြောင်း သိရသည်။
နယ်မြေစိုးမိုးထိန်းချုပ်မှု ကျယ်ပြန့်လာပြီး မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများ ကုန်သွယ်ရောင်းဝယ်သည့် နယ်စပ်မြို့အမြောက်အမြားကိုလည်း တော်လှန်ရေးတပ်များက သိမ်းပိုက်ထိန်းချုပ်ထားရာ တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံများနှင့် ဆက်သွယ်သော အဓိကနယ်စပ်ကုန်သွယ်ရေးမြို့ အနည်းဆုံး ၁၁မြို့ကိုလည်း စစ်ကောင်စီက လက်လွှတ်ခဲ့ရသည်။
ထို့ပြင် အင်အားထောင်ချီပါဝင်သည့် ရှမ်း – မန်းစစ်ဆင်ရေးကို ဆင်နွှဲလျက်ရှိပြီး မန္တလေးဒေသကို ထိုးဖောက်ခြင်းနှင့် ရန်သူအင်အားထောင်ချီ ခုခံတိုက်ခိုက်နေသည့် ပင်လယ်ဘူးမြို့ကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ကြောင်း MOD က ဆိုသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) သည် မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့များနှင့် လက်တွဲကာ ” လမ်းများအားလုံး နေပြည်တော်သို့” မဟာဗျူဟာစီမံချက်အောက်တွင် အညာအောင်မြေစစ်ဆင်ရေး၊ ရှမ်းမန်းစစ်ဆင်ရေး၊ စစ်တောင်းအလွန်စစ်ဆင်ရေး၊ ရိုးမဧရာစစ်ဆင်ရေးနှင့် ကမ်းခြေစစ်ဆင်ရေးတို့ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဟန်ချက်ညီဆင်နွှဲနေကြောင်း အစီအရင်ခံစာအရ သိရသည်။