By Nway / MPA
၇၇ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဟုဆိုကာ စစ်ကောင်စီက အကျဉ်းသား ၅၈၀၀ ကျော်ကို လွတ်ငြိမ်းခွင့် ပေးခဲ့ကြောင်း သိရသည်။
တစ်နိုင်ငံလုံးရှိ အကျဉ်းထောင်များမှ အကျဉ်းသား ၅၈၆၄ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့ပြီး ထောင်ဒဏ်တစ်သက် ကျခံနေရသူ အကျဉ်းသား ၁၄၄ ဦးကိုလည်း ထောင်ဒဏ် ၁၅ နှစ်သို့ လျှော့ပေါ့ပြောင်းလဲပေးခဲ့ကြောင်း နိုင်ငံခြားသားအကျဉ်းသား ၁၈၀ ကိုလည်း လွတ်ငြိမ်းခွင့်ပြုကာ ပြည်နှင်ဒဏ်ပေးကြောင်းစစ်ကောင်စီက ယနေ့ (ဇန်နဝါရီလေးရက်) နံနက်တွင် သတင်းထုတ်ပြန်သည်။
“ဒီနေ့မနက်ပိုင်းအထိ နိုင်ကျဉ်း ဘယ်လောက်ပါသလဲဆိုတာ သေချာမသိရသေးဘူး။ထုံးစံအတိုင်း နိုင်ကျဉ်းနည်းနည်းပါမယ်။လွတ်ရက်နီးတာတွေကို လွတ်ငြိမ်းခေါင်းစဉ်ထဲ ဆွဲထည့်ပြီး လွှတ်ပေး မယ်။ ဒီလောက်ပါပဲ။ဒါ့ထက်ပိုပြီး မျှော်လင့်စရာမရှိဘူး” ဟု ရန်ကုန်မြို့နေ နိုင်ငံရေးအကျဉ်းသား ဟောင်းတစ်ဦးက MPAသို့ ပြောသည်။
ပဲခူးတိုင်း၊ ပြည်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၁၁ဦး လွတ်ငြိမ်းထဲ ပါကြောင်း ပြည်အကျဉ်းထောင်နှင့်နီးစပ်သူတစ်ဦးထံက သိရသည်။
“ ၅၀၅ ကို ထောင်ဒဏ် တစ်နှစ်အောက်ကျခံဖို့ကျန်နေတဲ့သူတွေ လွတ်ငြိမ်းပါတယ်။ စာရင်းတော့ထွက်ပြီ။ လူတွေကတော့ မလွတ်လာသေးဘူး။ အဘတို့ ဩဝါဒချွေဦးမှာပေါ့ “ ဟု ၎င်းက ယနေ့နံနက် ၁၀နာရီခန့်တွင် ပြောသည်။
လူသတ်မှု၊ မုဒိန်းမှု၊ ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများအက်ဥပဒေအရ ပြစ်မှုများ၊ မတရား အသင်းအက်ဥပဒေအရ ပြစ်မှုများ၊ လက်နက်မှုများ၊ မူးယစ်ဆေး၊ အဂတိလိုက်စားမှုများ၊ အကြမ်း ဖက်မှုများအပ ကျန်ပြစ်မှုများဖြင့် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသားများအားလုံးကို ပြစ်ဒဏ်၏ ခြောက် ပုံ တစ်ပုံ လွတ်ငြိမ်းခွင့်ပေးလိုက်ကြောင်းလည်း သိရသည်။
ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ ပုဒ်မခွဲတစ်အရ နောက်တစ်ကြိမ်ထပ်မံပြစ်မှုကျူးလွန်ပါက ယင်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသည့် ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံရမည်ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် လွတ်ငြိမ်းခွင့်ပြုခဲ့ခြင်းဖြစ်သည်။