By Ra Wai / MPA
၂၀၂၅ခုနှစ်သည် ကုန်ပစ္စည်းရှားပါးခြင်းနှင့် ကုန်ဈေးနှုန်းတက်ခြင်းတို့ ပိုမိုဖြစ်ပေါ်စေရန် စစ်ကောင်စီက လုပ်ဆောင်နေကြောင်း ရန်ကုန်အခြေစိုက် လုပ်ငန်းရှင်အချို့က သုံးသပ်သည်။
၂၀၂၅ခုနှစ်၊ ဇန်နဝါရီတစ်ရက်မှ စတင်ကာ တင်ပို့၊ တင်သွင်းသည့် ကုန်ပစ္စည်းများအတွက် ပေးရသည့် အခွန်အခများကို လက်ရှိကောက်ခံနေသော ဗဟိုဘဏ်၏ အမေရိကန်ဒေါ်လာငွေလဲနှုန်း ရည်ညွှန်းဈေးမှ ဈေးကွက်ရည်ညွှန်း ဈေးအတိုင်း ပြောင်းလဲကောက်ခံတော့မည်ဟု စစ်ကောင်စီလက်အောက်ခံ အကောက်ခွန်ဦးစီးဌာနက ဒီဇင်ဘာ၂၇ရက်၌ ထုတ်ပြန်ခဲ့ခြင်းအပေါ် အခြေတည်ကာ ၎င်းတို့က အထက်ပါအတိုင်း ပြောကြားကြခြင်းဖြစ်သည်။
“လက်ရှိ ဗဟိုဘဏ် ရည်ညွှန်းဈေး အမေရိကန်တစ်ဒေါ်လာ ၂၁၀၀ နဲ့ အခွန်ပေးနေရာကနေ ဈေးကွက် ရည်ညွှန်းဈေး ၃၈၀၀ကျော်နဲ့ အခွန်ဆောင်ရမယ်ဆိုတော့ နှစ်ဆလောက် အခွန်တိုးကောက်တဲ့ သဘောပဲ။ အခွန်နှစ်ဆတိုးတော့ ကုန်ဈေးနှုန်းက သုံးဆလောက် တိုးနိုင်တာပေါ့”ဟု ရန်ကုန်အခြေစိုက် အသေးစားဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက MPAသို့ပြောသည်။
လက်ရှိ မြန်မာနိုင်ငံ၏အခြေအနေမှာ ပလတ်စတစ်ခြင်းတောင်းအစ အပ်အဆုံး ပြည်ပမှ တင်သွင်းနေရသော ကြောင့် သွင်းကုန်အခွန်ကို တိုးမြှင့်ခြင်းသည် စီးပွားရေးလုပ်ငန်းတိုင်းနီးပါး ထိခိုက်မည်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ဆိုသည်။
“ဒေါ်လာကို ထိန်းဖို့ သွင်းကုန်တွေ မသွင်းစေချင်ဘူး။ ပြည်တွင်းထဲမှာ ငတ်တာ ပြတ်တာ ဈေးကြီးတာကို သူတို့(စစ်ကောင်စီ) ဂရုမစိုက်ဘူး”ဟု ၎င်းက ဆက်လက်ပြောသည်။
အခွန်တိုးမြှင့်လိုက်ခြင်းကြောင့် ပြည်ပမှ ပစ္စည်းတင်သွင်းလိုသူများမှာ လိုအပ်သလောက်သာ ကုန်ပစ္စည်းတင်သွင်းနိုင်ခြေရှိကြောင်း အိမ်ဆောက်ပစ္စည်း အရောင်းဆိုင် မန်နေဂျာတစ်ဦးက ပြောသည်။
“ငါတို့(စစ်ကောင်စီ)က ပေးမသွင်းတာမဟုတ်ဘူး။ မင်းတို့(လုပ်ငန်းရှင်)ဘာသာ သွင်းနိုင်ရင်သွင်းဆိုတဲ့ အပေါက်မျိုး ချိုးလိုက်တာ၊ ဘယ်လုပ်ငန်းရှင်ကမှ အရှုံးခံပြီး မသွင်းဘူး။ ၂၀၂၅မှာ ပစ္စည်းရှားမယ်။ ဈေးတက်မယ်။ လုပ်ငန်းတွေ ထပ်ရပ်မယ်။ အဲဒါက နယ်ပယ်တိုင်းမှာ”ဟု ၎င်းက ခန့်မှန်းသည်။
အခွန်တိုးကောက်တော့မည်ဆိုသည့် ကြေညာချက်အရ သွင်းကုန်လိုင်စင်များကို အကန်အသတ်ဖြင့် ပြန်ချပေးဖွယ်ရှိကြောင်း ရန်ကုန်အခြေစိုက် လျှပ်စစ်ပစ္စည်းတင်သွင်းတပ်ဆင်ပေးနေသည့် ကုမ္ပဏီပိုင်ရှင်က ဆိုသည်။
“ကျတော် ပစ္စည်းသွင်းဖို့ လိုင်စင်တင်ထားတာ ခြောက်လရှိပြီ မကျဘူး။ အခု ရန်ကုန်ဈေးကွက်ထဲ လည်ပတ်နေတဲ့ လျှပ်စစ်ပစ္စည်းတွေဆိုတာ ၁၀၂၇စစ်ဆင်ရေးမတိုင်ခင် ရှေ့ရေးကို ကြိုမြင်ပြီး တရုတ်ကနေ ပစ္စည်းတွေ အများကြီးသွင်းထားတဲ့ လုပ်ငန်းရှင်တချို့ရဲ့ ပစ္စည်းတွေ ရှိနေလို့၊ အခုလက်ငင်း အခြေအနေက လိုင်စင်လည်းချမပေးဘူး။အောက်လမ်းကနေ သွင်းဖို့ လည်း မလွယ်ဘူး”ဟု ၎င်းက ပြောသည်။
စစ်ကောင်စီ အာဏာမသိမ်းမီအချိန်က အမြဲတမ်းဝန်ထမ်း ၆၀ကျော်ဖြင့် လည်ပတ်နေသည့် ၎င်း၏ကုမ္ပဏီသည် ယခုအခါ မရှိမဖြစ်ဝန်ထမ်း ၁၀ယောက်ဖြင့် ကုမ္ပဏီလုံးဝမရပ်သွားရေးအတွက် အားတင်းရပ်တည် နေရသလို ၂၀၂၃ခုနှစ်မှ စတင်ကာ ကုမ္ပဏီရုံးခန်းဌားခ မတတ်နိုင်တော့သဖြင့် ရုံးခန်းကို အိမ်အောက်ထပ်သို့ ပြောင်းရွှေ့ဖွင့်လှစ်ထားရကြောင်းလည်း ဆိုသည်။
“၂၀၂၅မှာ သွင်းကုန် အခွန်တိုးကောက်မယ်ဆိုတဲ့သတင်းကြားတာနဲ့ ကုမ္ပဏီအတွက် ချက်ချင်းတွေး လိုက်မိတာ အခုလက်ကျန်ဝန်ထမ်း ၁၀ယောက်ထဲကနေ နောက်ထပ် သုံး၊ လေးယောက် ဘယ်သူ့ကို ဖြုတ်ရင် ကောင်းမလဲဆိုတာကိုပဲ”ဟု ၎င်းက ဆက်လက်ပြောသည်။
ထို့ပြင် တရားမဝင်လမ်းကြောင်းမှ ပစ္စည်းတင်သွင်းခမှာလည်း လမ်းခရီးမလုံခြုံမှုနှင့် အဖမ်းအဆီးများမှု အခြေအနေအရ ယခင်က ကျပ်၁၀သိန်းကျလျှင် ယခုအခါ သိန်း၃၀ ပေးနေရသည့်တိုင် တာဝန်ယူ ပစ္စည်းပို့ပေးမည့် အေးဂျင့် ရှားနေကြောင်း ၎င်းက ဆိုသည်။
၂၀၂၅ခုနှစ်တွင် သွင်းကုန်ပစ္စည်းဈေးနှုန်းမြင့်တက်ကာ ပစ္စည်းရှားပါးနိုင်ခြင်းကြောင့် အသေးစား ဆောက်လုပ်ရေးပရောဂျက်အသစ်များ ရရှိရန်ပင် မလွယ်တော့ကြောင်း အသေးစားဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ဦး ကပြောသည်။
“ကျတော်နဲ့ ပုံမှန်တွဲလုပ်နေတဲ့ ပန်းရန်ဆရာတွေကိုတောင် ၂၀၂၅မှာ ခင်ဗျားတို့ မပြောနဲ့၊ကျတော်တောင် ဘယ်လိုရပ်တည်ရမလဲဆိုတာ plan မချနိုင်ဘူးလို့ ပြောမိသေးတယ်”ဟု ၎င်းက ဆိုသည်။
၂၀၂၄ခုနှစ်သည် လုပ်ငန်းများအားလုံး လည်ပတ်နိုင်သည်ဆိုရုံမျှဖြင့် မသေရုံတမယ် ရုန်းကန်ခဲ့ရသည့် နှစ်ဖြစ်ပြီး ၂၀၂၅ခုနှစ်ကိုမူ မတွေးဝံ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။
စစ်ကောင်စီအာဏာသိမ်းပြီးနောက် ပို့ကုန်၊ သွင်းကုန်များကို နည်းအမျိုးမျိုးဖြင့်တင်းကျပ်ခဲ့သည့်အပြင် ဒေါ်လာစျေးမြင့်တက်မှု၊ ကုန်စျေးနှုန်းမြင့်တက်မှုကို ထိန်းချုပ်နိုင်ခြင်းမရှိခြင်းကြောင့် ပြည်သူများ တစ်နေ့ထက်တစ်နေ့ ပိုမိုကျပ်တည်းမှုနှင့် ရင်ဆိုင်နေရသည်။