By Ra Wai / MPA
မန္တလေးတိုင်း၊ မလှိုင်မြို့နယ်အတွင်း လူကြီး၊လူငယ် ကျား၊မ မရွေးကို စစ်ကောင်စီတပ်က သုံးရက်ဆက်တိုက် ပေါ်တာဆွဲခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာ ၂၈ရက်မှ ၂၉ရက်အထိ မလှိုင်မြို့နယ်၊ မလှိုင်-နှောကန်လမ်းဖြတ်သန်းသွားလာသူများနှင့် မလှိုင်မြို့နှင့် လေးမိုင်ခန့် ကွာဝေးသည့် ကျပ်ဖြူ၊ ဆုံတွင်းနှင့် ရွာသစ်ရွာတို့မှ လူကြီး၊ လူငယ်မရွေးကို စစ်ကောင်စီတပ်က ပေါ်တာဆွဲနေကြောင်း လူထုသတင်းကွန်ရက် မလှိုင်မြို့ထံကသိရသည်။
” အခုတော့ ကျီးလန့်စာ စားပေါ့ဗျာ။အမျိုးသား၊ အမျိုးသမီး လမ်းပေါ်တွေ့ရင် အကုန်ဆွဲနေတယ်။ အပြင်လည်းမထွက်ရဲ။ အလုပ်သွားအလုပ်ပြန်တွေဆွဲတယ်။ မရရင် ရွာထဲဝင်ဆွဲတယ်။ စစ်မှုထမ်းဖမ်းခေါ်တယ်ဆိုပေမဲ့ အသက်ရွယ်ကြီးသူ အမျိုးသား၊ အမျိုးသမီးတွေပါဖမ်းပြီး လူစားလဲခိုင်းတယ်ဆိုတော့ တော်တော်ဆိုးရွားတဲ့အခြေအနေပါ” ဟု လူထုသတင်းကွန်ရက် မလှိုင်မြို့မှ တာဝန်ရှိသူတစ်ဦးက MPAသို့ပြောသည်။
စစ်ကောင်စီတပ် ပေါ်တာဆွဲခြင်းခံထားရသည့် အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်းနှင့် ပေါ်တာဆွဲခံရသူအချို့မှာ ပိုက်ဆံပေးကာ ပြန်လွတ်လာကြောင်း သိရသည်။
ယင်းသို့ ပေါ်တာဆွဲနေမှုကြောင့် မြို့ပေါ်၌ ညနေပိုင်းဆိုလျှင်ပင် အသွားအလာနည်းကာ တိတ်ဆိတ်ခြောက်ကပ်နေကြောင်း သိရသည်။
” လူငယ်တွေလည်း ကိုယ့်အိမ်ကိုယ် မအိပ်ရဲဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။
ပေါ်တာဆွဲနေမှုများကြောင့် မြို့ပေါ်နှင့် မြို့နှင့်နီးသည့် ကျေးရွာများမှ လူငယ်အချို့ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်းသိရသည်။
သုံးရက်တာ ဖမ်းဆီးထားသူများကို မလှိုင်မြို့၊ ရွှေမုဌောဘုရားကြီး၌ ထားကြောင်းသိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာကလည်း မလှိုင် မြို့ပေါ် ရပ်ကွက်အချို့နှင့် စက်ရုံများထဲမှ လူငယ် ၈၀ကျော်ဖမ်းဆီးခံခဲ့ရပြီး ပိုက်ဆံပေးနိုင်သူ အချို့သာပြန်လွတ်ခဲ့ကြောင်းသိရသည်။