By Bywar Oo / MPA
မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်အသီးသီးမှ နိုင်ငံရေးအကျဉ်းသားများ လစဉ်အကူအညီတောင်းခံသည့် ဦးရေ ထောင်နှင့်ချီပြီးရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ထံမှသိရသည်။
ထိုကဲ့သို့ အကူအညီတောင်းခံသည့် နိုင်ငံရေးအကျဉ်းသားများ များပြားသော်လည်း ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားများ၏ လစဉ်စုပေါင်းရရှိမှု ငွေကြေးအကူအညီဖြင့်သာ ကူညီထောက်ပံ့နေရခြင်းဖြစ်သည့်အတွက် အကူအညီ တောင်ခံသူများထဲမှ လူဦးရေ ရာဂဏာန်း ခန့်သာ ကူညီထောက်ပံ့နိုင်သေးကြောင်း PPNM ၏ ဦးဆောင် ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။
“အလှည့်ကျစနစ်ပဲ တန်းစီပြီးမှစောင့်တဲ့သူတွေကို ကျွန်တော်တို့ဘက်မလိုက်ဘဲနဲ့ နံပါတ်စဉ်လိုက်ဆက်သွယ်ပြီးမှ ကူညီထောက်ပံ့နေတဲ့ အခြေအနေပါ၊ ဒီပုံစံအတိုင်းပဲဆက်ပြီး ကူညီဆောင်ရွက်နိုင်ဖို့ကြိုးစားနေကြပါတယ်။ အဓိ ကက အာဏာသိမ်းကာလကြာမြင့်လာတာနဲ့ ပြည်သူလူထုက အထွေထွေအကျပ်အတည်းတွေနဲ့ ရင်ဆိုင်ရတယ်၊ကုန်ဈေးနှုန်းကြီးမြင့်လာတဲ့ဒဏ်ကို ခံလာရတဲ့အခါမျိုးရယ်၊ စစ်မှုထမ်းဥပဒေကြောင့်မို့ ရှောင်တိမ်း ကြရတဲ့ လူငယ်တွေဟာ စိတ်ဆန္ဒရှိသည့်တိုင်အောင် ငွေကြေးအနေနဲ့ကူညီဖို့ အခက်အခဲဖြစ်လာကြတယ်၊ အဲ့ဒါကြောင့်မလို့ ထောင်တွေကို ကူညီဖို့ဆိုတဲ့ခေါင်းစဉ်နဲ့လာတာ တဖြည်းဖြည်းနဲ့ နည်းလာတာကို တွေ့ရပါတယ်” ဟု ကိုသိုက်ထွန်းဦးက ပြောသည်။
ထို့ပြင် မြန်မာနိုင်ငံရှိ အကျဉ်းထောင်အသီးသီး၌ အကျဉ်းကျနေသည့် နိုင်ငံရေးအကျဉ်းသား နှစ်သောင်းခွဲကျော်ခန့်ရှိပြီး ၎င်းတို့အားလုံးအား ကူညီထောက်ပံ့မှုပေးနိုင်ရန် အင်မတန် အလှမ်းဝေးနေသေးကြောင်း ၎င်းက ထပ်မံပြောသည်။
ထို့ကြောင့် ပြည်သူများမှ တတ်အားသရွေ့ မိမိနိုင်သည့်ငွေကြေးပမာဏမှစပြီး ကူညီမှုများရရှိရန် ကြိုးစားဆောင်ရွက်နေပြီး နိုင်ကျဉ်းများကို ကူညီထောက်ပံ့ချင်သူများရှိလာခဲ့ပါက တိုက်ရိုက်ကူညီဆောင်ရွက်မှုများ၊ မတူညီသည့် လူ့အခွင့် အရေးဖွဲ့အစည်းများမှ အကျဉ်းထောင်များကို ကူညီချင်ပါက PPNM မှတဆင့်လက်ခံပြီး ကူညီဆောင်ရွက်ပေးရန် ပြင်ဆင်ဆောင်ရွက်နေကြောင်း သိရသည်။
သာယာဝတီထောင်တွင် အကျဉ်းကျနေသည့် နိုင်ငံရေးအကျဉ်းသား၏ မိခင်တစ်ဦးက “ အန်တီသားအတွက် အန်တီငွေကြေးမပေးနိုင်တဲ့အခါဆို အလုပ်ကြမ်းတွေလည်း လုပ်ရတယ်လို့ပြောတယ်။ ထမင်းတွေကလည်း စားမရ လို့ဆိုပြီး ပြောလာတာတွေရှိတယ်။ အန်တီက လမ်းမှာလိုက်ပြီး ကန်စွန်းဥပြုတ်တို့ ဘာတို့ရောင်းတာလေ၊ အမြဲ တမ်းသွားမတွေ့နိုင်ဘူး။ တွေ့မယ်ဆိုတဲ့အချိန်ကျ ပေးစရာမရှိမှာစိုးလို့ ဈေးကိုရသလောက်ရောင်း တစ်ခါတလေ ချေးငှားပြီး စုပြီးမှသွားရတာ ၊ သားလေးက ၁၉ (စ)၊ ၅၀၅ (ခ) နဲ့ ကျနေတာ၊ ကြာလာတော့ ကိုယ်တွေလည်း ခက်ခဲလာတာပေါ့”ဟု သူမ၏ အခက်အခဲကို ပြောပြသည်။
နိုင်ငံရေးအကျဉ်းသားများသည် ထောင်တွင်းလူ့အခွင့်အရေး ချိုးဖောက်ခံရမှုများစွာကို ခံနေရပြီး ဆင်းရဲချို့တဲ့စွာ နေ ထိုင်စားသောက်နေကြကာ ယနေ့ထက်တိုင်အကူအညီများစွာ လိုအပ်လျက်ရှိကြောင်း နိုင်ငံရေးအကျဉ်းသား ဟောင်းများက ဆိုသည်။
“ တစ်ခါတလေ အိမ်တွေက ဘာမှ လာမပို့နိုင်ရင် ခွဲဝေစားသောက်ရတယ်။ တချို့မိသားစုဝင်တွေ အပြင်မှာ အရမ်း ခက်ခဲနေကြတာ ကူညီပေးမဲ့သူလည်း မရှိ ဒါမျိုးတွေရှိတာပေါ့၊ တချို့တွေက ထောင်ထဲမှာ ချေးငှားပြီးသုံးရတယ်။ အကြွေးတင်ပြီးမှ မိသားစုကို ပြန်မှာ ပြန်တောင်း ဒါမျိုးတွေရောပေါ့၊ ဒီကာလထဲ နိုင်ငံရေးအကျဉ်းသား တွေက တော်တော်ကြီးကို ထောင်ထဲမှာ ဖိနှိပ်ညည်းပန်းခံပြီးနေရတာပါ” ဟု အင်းစိန်အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးက ဆိုသည်။
ယင်းအပြင် အကျဉ်းထောင်အသီးသီးရှိ နိုင်ငံရေးအကျဉ်းသားများကို ပြည်တွင်းပြည်ပ အဖွဲ့အစည်းများက ကူညီ ထောက်ပံ့ပေးနေသော်လည်း များစွာသောအကျဉ်းသားများအားလုံးကို ထောက်ပံ့ပေးနိုင်ရန်ဆိုသည် မှာ အချိန် ကြာမြင့်လာသည်နှင့်အမျှ စိန်ခေါ်မှု အခက်အခဲများစွာရှိကြောင်း သိရသည်။
ထို့ပြင် နိုင်ငံတကာ အဖွဲ့အစည်းများမှ နိုင်ငံရေးအကျဉ်းသားသောင်းနှင့်ချီကို လစဉ်ကူညီထောက် ပံ့နိုင်မည့် အခြေ အနေ သို့မဟုတ် သုံးလတစ်ကြိမ် ကူညီထောက်ပံ့ပေးနိုင်သည့် အခြေအနေမျိုး လက်ရှိမြေပြင်တွင် နိုင်ငံရေး အကျဉ်းသူ အကျဉ်းသားများ ရရှိနေခြင်းမရှိကြောင်း PPNM ထံမှ သိရသည်။