By Ra Wai / MPA
ပြန့်ကျဲလျက်ရှိသော မဟာမိတ်တော်လှန်ရေး အင်အားစု အသီးသီးအနေနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)တပ်ရင်းများနှင့်အတူချိတ်ဆက်ပူးပေါင်းကြရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဖိတ်ခေါ်လိုက်သည်။
NUGအစိုးရက ယနေ့(နိုဝင်ဘာ၂၅ရက်)ပေးပို့သော ၁၀၄နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဂုဏ်ပြု သဝဏ်လွှာတွင် စစ်အာဏာရှင်ကို စုစည်းညီညွတ်အင်အားကြီး မားစွာဖြင့်စနစ်တကျ တွန်းလှန် ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရေးအတွက် အတူကြိုးစားကြရန်ဟု ဆိုကာ အထက်ပါအတိုင်း ဖိတ်ခေါ်လိုက်ခြင်းဖြစ်သည်။
“မဟာမိတ်အင်အားစုတွေ PDFတပ်ရင်းတွေနဲ့ ချိတ်ဆက်ပူးပေါင်းဖို့ ဖိတ်ခေါ်တယ်ဆိုတာ ကြိုဆိုရ မယ့်ကိစ္စရပ်ပါ။ဗဟိုကွပ်ကဲမှုယန္တရားအခိုင်အမာရှိပြီး အမိန့်နာခံမှုရှိခြင်းဟာ စစ်ဆင်ရေးတစ်ရပ် မဟာဗျူဟာမြောက် အောင်ပွဲဆင်နိုင်ဖို့ အရေးပါတဲ့ ရေသောက်မြစ်တွေပါပဲ။အရွေ့မမှန်သေးတဲ့ PDFတပ်ရင်းတွေကိုလည်း MOD(NUGကာကွယ်ရေးဝန်ကြီးဌာန)က သေချာကိုင်တွယ်နိုင်ဖို့ လိုပါ မယ်”ဟု ရန်ကုန်အခြေစိုက် နိုင်ငံရေးသုံးသပ်သူတစ်ဦးက MPAသို့ပြောသည်။
NUGအစိုးရအနေဖြင့် စစ်အာဏာရှင် အောက်မှ လွတ်မြောက်ပြီးဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ကြီး ပေါ်ပေါက်သည်ထိ မဟာမိတ် တိုင်းရင်းသား တော်လှန်ရေးအင်အားစုများနှင့် အတူတကွ ကျောချင်းကပ် ဆောင်ရွက်မည်ဟု ထပ်လောင်းကတိပြု ကြောင်းလည်း ဆိုသည်။
အတိတ်သမိုင်းတွင် လွတ်လပ်ရေးပန်းတိုင်ကို ရောက်ရှိအောင် စည်းလုံးညီညွတ်စွာဖြင့် တွန်းလှန်အောင်ပွဲဆင်နိုင်သကဲ့သို့ ယခုလက်ရှိတော်လှန်ကြီးကိုလည်း ပြည်သူတစ်ရပ်လုံးအပါအဝင် တိုင်းရင်းသားတော်လှန်ရေး တပ်ဖွဲ့များအားလုံး စည်းလုံးညီညွတ်စွာ စစ်အာဏာရှင်စနစ်ကို အပြီးတိုင်ဖြိုဖျက်ပြီး သမိုင်း မော်ကွန်းသစ်စိုက်ထူရေးထိုး တွန်းလှန်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အလေး အနက်ထား တိုက်တွန်းကြောင်းလည်း ဆိုသည်။
တန်ဆောင်မုန်းလပြည့်ကျော်၁၀ရက်တွင် ကျင်းပသည့် အမျိုးသားနေ့သည် မြန်မာတစ်နိုင်ငံလုံး ဖိနှိပ်ခံဘဝမှ လွတ်မြောက်ရေး ဆင်နွဲခဲ့ကြသည့် တော်လှန်ရေးစိတ်ဓာတ် နိုးကြားစေခဲ့သော နေ့ရက် ဖြစ်ကြောင်းလည်း သဝဏ်လွှာ၌ ဖော်ပြထားသည်။