By Garcia Ni / MPA
စစ်ကောင်စီ အာဏာသိမ်းမှု လေးနှစ်နီးပါး ရောက်ရှိလာပြီး စစ်ကောင်စီတပ်သားများ စိတ်ဓာတ်ပျက်ပြားနေပြီး ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်မှုများအထိ ရှိလာကြောင်း စုံစမ်း သိရှိရသည်။
မကွေးတိုင်း၊ ထီးလင်းမြို့တွင် နိုဝင်ဘာ ၁၀ ရက် ညနက်ပိုင်းက စစ်ကောင်စီလက်အောက်ခံစစ်သားတစ်ဦး ကိုယ့်ကိုယ်ကိုယ်အဆုံးစီးရင်မှုဖြစ်ပွားခဲ့သည်။
အဆိုပါစစ်သားသည် မကွေးတိုင်း၊ ကျောက်ထုအမြောက်တပ်မှ ထီးလင်းမြို့သို့ပြောင်းရွှေ့လာသည့် အသက်၅၆နှစ်အရွယ် တပ်ကြပ်ကြီးကျော်ငွေဆိုသူဖြစ်ပြီး ထီးလင်းမြို့အနောက်ဘက် မောချောင်းအနီးရှိ စစ်ကောင်စီဂိတ်တွင် ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ခဲ့ခြင်းဖြစ်သည်။
” သူ့မျက်လုံးတစ်ဖက်က ယမ်းသင့်ပြီး ဆေးကုသွားချင်နေတာ၊ အဲ့ဒါကိုလေယာဥ်လာလည်း သူပါမသွားဘူး။ တစ်ခေါက်လာလည်း သူကမပါမပါနဲ့ ဖြစ်နေတော့စိတ်ပျက်နေတာ၊ သူကအရက်တော့သောက်တတ်တယ်။ မနေ့ကတော့ အရက်သောက်မထားဘူး။ ည၁၂နာရီလောက်မှာ ပါးစပ်ထဲကိုပြောင်းဝတေ့ပြီး ခြေမနဲ့မောင်းဆွဲသွားတယ်ထင်တယ် “ ဟု တပ်တွင်းသတင်းရင်းမြစ်တစ်ဦးက MPAကိုပြောသည်။
တပ်ကြပ်ကြီးကျော်ငွေသည် ကျောက်ထုအမြောက်တပ်မှ ထီးလင်းမြို့သို့ပြောင်းရွှေ့လာသည်မှာ တစ်နှစ်ခန့်ကြာမြင့်ခဲ့ပြီဖြစ်ပြီး ၎င်း၏မိသားစုများမှာ ကျောက်ထုတွင် ကျန်ရစ်နေခဲ့ကြောင်းသိရသည်။
စစ်ကောင်စီလက်အောက်ခံတပ်သားများသည် မိသားစုနှင့် အတူမနေရခြင်း၊ ရှေ့တန်းစစ်မျက်နှာပြင်တွင် အမြဲနေထိုင်နေရခြင်းတို့ကြောင့် စိတ်ကျန်းမာရေးယိုယွင်းမှုနှင့် စိတ်မလုံခြုံမှုများဖြစ်ပေါ်နေပြီး အခြေခံစိတ်ဓာတ်များပျက်ပြားလာနေသည်ဟု ကျောက်ထုစစ်ကောင်စီတပ်မှ CDMပြုလုပ်ထားသည့် ဒုအရာခံဗိုလ်တစ်ဦးက သုံးသပ်သည်။
” ပြည်သူရဲ့ အားပေးမှုမရတဲ့အခါ စိတ်ဓါတ်တွေဟာလည်း ပြိုလဲလာပြီပေါ့? သူတို့အတွက်က တပ်ခြံစည်းရိုးအပြင်မှာ အကုန်ရန်သူတွေပဲလို့မြင်နေရပြီလေ ” ဟု ၎င်းက ပြောသည်။
ထို့ပြင် စစ်ကောင်စီသည် တပ်တွင်း စိတ်ပိုင်းဆိုင်ရာအားပေးမှုများမရရှိသည့်အပြင် တိုက်ပွဲဝင်စည်းရုံးရေးများလည်းပျက်ပြားနေပြီး အချင်းချင်းကြားစည်းလုံးမှုနှင့် စိတ်လုံခြုံမှုများပင် မရှိတော့ကြောင်း ၎င်းကဆက်လက်ပြောသည်။
ထီးလင်းမြို့တွင် အဆုံးစီရင်သွားသည့် တပ်ကြပ်ကြီးကျော်ငွေသည် ၎င်း၏ကိုယ်ရေးရာဇဝင်တွင် မူးယစ်မှုဖြင့် ပြစ်မှုမှတ်တမ်းအရ အရေးယူခြင်းခံရသည့် မှင်နီအများအပြားထိထားသူဖြစ်ကြောင်း ကျောက်ထုတပ်တွင်း သတင်းရင်းမြစ်ကပြောသည်။
” တကက ကျော်ငွေက အရက်သမားပါ စာမတတ်ပေမတတ်။ အရက်သောက်ရရင်အဆင်ပြေတယ်။ အမြောက် တပ်မှာ အနေကြာလို့ရထားတဲ့ ရာထူးပါ၊ မှင်နီတွေပေပွနေတာ “ ဟု ၎င်းကဆိုသည်။
ထို့ကြောင့် စစ်ကောင်စီ ခေါင်းဆောင် ကောင်းကျိုးအတွက် တာဝန်ထမ်းဆောင်နေရသည့် စစ်ကောင်စီလက်အောက်ခံတပ်သားများအနေဖြင့် တပ်တွင်းပြိုလဲမှုနှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုမရှိတော့သည့်အခြေအနေများကြားတွင် ပြည်သူနှင့်အတူရဲဝံ့စွာလာရောက်ပူးပေါင်းရန်နှင့် ပြည်သူများက အမြဲတမ်းကြိုဆိုလျက်ရှိကြောင်းကို CDMစစ်သားများက သတင်းစကားပါးထားသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအနှံ့ ခုခံတော်လှန်စစ်များ နေ့စဉ်နီးပါးဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်သားများသည် စိတ်ဓာတ်ကျကာ အဆုံးစီရင်မှုများအပြင် တပ်ရင်းအလိုက် လက်နက်ချမှုများလည်း ဖြစ်ပွားလျက်ရှိသည်။