By Bala / MPA
ကရင်နီပြည်နယ်တွင် ရဲစခန်းနှင့် ရဲကင်းများ တိုးချဲ့တည်ဆောက်ထားကြောင်း ကရင်နီပြည်ကြား ကာလ အုပ်ချုပ်ရေးကောင်စီ(IEC)ထံက သိရသည်။
ယခုအခါ ကရင်နီပြည်နယ်အတွင်း ရဲစခန်းနှင့်ရဲကင်းများ တည်ဆောက်ထားသည်မှာ ၂၀ နီးပါးရှိပြီ ဖြစ်ကာ ဒေသခံပြည်သူတို့အတွက် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ လုပ်ဆောင်နေကြောင်း IEC အတွင်းရေးမှူးနှစ် ကိုဗညားက ပြောသည်။
” မြို့နယ်အုပ်ချုပ်ရေးနဲ့ ပူးပေါင်းပြီးတော့ အဲ့တော့ ဒီရဲကို ကျတော်တို့ပြည်နယ်မှာ အများကြီး မွေးထုတ်ရတယ်။ခန့်အပ်ရတယ်” ဟု ၎င်းက MPA သို့ ပြောသည်။
ကရင်နီပြည်နယ် တရားဥပဒေစိုးမိုးရေးအတွက် IEC ၏ ပြည်ထဲရေးဌာနက ဘတ်ဂျက်အများဆုံး သုံးစွဲနေရကြောင်းလည်း ဆိုသည်။
“ ပြည်ထဲရေးမှာ အသုံးစရိတ်များတဲ့ အဓိကအကြောင်းအရင်း နှစ်ချက်ရှိတယ်ပေါ့။တစ်ချက်က လုပ်ငန်းသဘောသဘာဝပေါ့။ဥပမာအားဖြင့် မြို့နယ် ၁၆မြို့နယ်ကို ဖွဲ့စည်းထားတာရှိ တယ်။ ဝန်ထမ်းတွေကို အများဆုံးခန့်အပ်ကြီးကြပ်ရတဲ့ ဌာနလည်းဖြစ်တဲ့အတွက် အဲ့အချက်ကိုလည်း ပြောချင်တယ်။အရေးပေါ်တုံ့ပြန်မှုဌာနကလည်း နေ့စဉ်ဖြစ်နေတဲ့ကိစ္စရပ်တွေမှာ ဝင်ရတယ်၊ကူညီရတယ်၊သွားပေးရတယ်၊ကယ်ထုတ်ရတယ်၊ပို့ဆောင်ပေးရတယ်ပေါ့နော်။ပြည်သူ့အုပ်ချုပ်ရေးကလည်း ဝန်ထမ်းတွေအများခန့်အပ်ပြီးတော့မှ ဒီအုပ်ချုပ်ရေးလုပ်ငန်းတွေကိုစီမံကွပ်ကဲရ တယ်။နောက်တခု လဝကတွေရှိတယ်။နယ်စပ်မှာထိုင်တာက အစ အဆုံးလူထုတွေ ရဲ့လူထုစစ်တမ်း တွေ၊လူဦးရေစစ်တမ်းတွေကောက်ရတာပေါ့။အလုပ်သဘောသဘာဝ အရ အရမ်းတွင်ကျယ် တယ်။သူတို့နဲ့မဆက်စပ်တဲ့အလုပ်မရှိသလောက်ဖြစ်တယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ယခုနှစ် ဇူလိုင်မှ စက်တင်ဘာလအထိ အခွန်ငွေ ကျပ်သိန်းပေါင်း ၁,၃၂၉,၄၄၈,၁၀၀ ရရှိခဲ့ကြောင်း IEC စီမံကိန်း၊ ဘဏ္ဍာရေးနှင့် အခွန်ဌာနက ထုတ်ပြန်ထားသည်။
အထက်ပါရရှိအခွန်များကို ကဏ္ဍ ကိုးခုအတွက် ခွဲဝေအသုံးပြုခဲ့ပြီး ပြည်ထဲရေးဌာနအောက်ရှိ ပြည်သူ့အုပ်ချုပ်ရေး၊ လူဝင်မှုကြီးကြပ်ရေး၊ အရေးပေါ်ကယ်ဆယ်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် စည်ပင် ကဏ္ဍ တို့အတွက် ၃၅ဒဿမ၇ရာခိုင်နှုန်းအထိ အသုံးပြုခဲ့ကြောင်း သိရသည်။