By Nway / MPA
ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် စကားလုံးသက်သက်ပြောကြားနေမည့်အစား လက်တွေ့လုပ်ဆောင်ခြင်းဖြင့် မြန်မာ့ပြဿနာအတွက် မှန်ကန်သော သမိုင်းအမွေအနှစ်တစ်ခု ထုဆစ်ရန် တောင်းဆိုကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်သည်။
ကမ္ဘာကြီးအနေဖြင့် ပြစ်မှုကျူးလွန်သူများက ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို အသုံးချ၍ ရာဇဝတ်မှုများ ဆက်လက်တိုးချဲ့မည်ကို လက်ပိုက်ကြည့်မနေသင့်ကြောင်း၊ လုံခြုံရေး ကောင်စီအနေဖြင့်လည်း တုံ့ဆိုင်းနေမည့်အစား မြန်မာနိုင်ငံ အကျပ်အတည်းအား ချုပ်ငြိမ်းရန် လုံခြုံရေးကောင်စီ၏ အလုံးစုံသော အခွင့်အာဏာနှင့် တာဝန်ဝတ္တရားတို့ကို အသုံးချကာ အရေးယူ ဆောင်ရွက်သင့် ကြောင်း အောက်တိုဘာ၂၅ရက်၊ကုလသမဂ္ဂလုံခြုံရေးကောင်စီတံခါးဖွင့်အစည်းအဝေးတစ်ရပ်၌ ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြော ကြား သည်။
“တရုတ်နဲ့ရုရှားက လုံခြုံရေးကောင်စီရဲ့ ဗီတိုအာဏာပိုင်တွေဆိုတော့ မြန်မာ့အရေးကို လုံခြုံရေး ကောင်စီလမ်းကြောင်းကနေ ကိုင်တွယ်ဖို့ဆိုတာ မဖြစ်နိုင်တာ သေချာပါတယ်။၂၀၂၂ဒီဇင်ဘာတုန်း က လုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေး-၂၆၆၉ ထွက်လာတယ်။အဲဒီဆုံးဖြတ်ချက်က မြန်မာ့ဒီမိုကရေ စီရေးအတွက် အရေးပါတဲ့တောင်းဆိုချက်တွေပါဝင်ပေမဲ့ အဲဒီတောင်းဆိုချက်ကို စစ်ကောင်စီက မဖော်ဆောင်လည်း ဘာမှမဖြစ်ဘူး။ဆိုလိုတာက အဲဒီတောင်းဆိုချက်ကို မလုပ်ရင် ဘယ်လိုအရေး ယူမယ်ဆိုတဲ့ နောက်ဆက်တွဲ အရေးယူမှုမပါဘူး။တရုတ်နဲ့ရုရှားက အရေးယူမှုမပါတဲ့အဆင့်ထိ လွှတ် ပေးလိုက်ပေမဲ့ အရေးယူမယ်ဆိုရင် ဗီတိုအာဏာနဲ့ ပယ်ချမှာပါ။ဘာပဲဖြစ်ဖြစ် သံအမတ်ကြီးကတော့ တောင်းဆိုစရာရှိတာ တောင်းဆိုရမှာပဲ”ဟု နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးက MPAသို့ပြောသည်။
မြန်မာနိုင်ငံအရေးကို ဖြေရှင်းနိုင်ရန် အဓိကဇစ်မြစ်မှာ စစ်အာဏာရှင်စနစ်နှင့် ၎င်းတို့၏ ပြစ်ဒဏ်ကင်းလွတ်ခွင့် အစဉ်အလာတို့ဖြစ်ကြောင်း၊ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေး၊ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုတို့ကို ကျူးလွန်သူအားလုံး တာဝန်ခံမှုရှိစေရေးက အထူး အရေးပါကြောင်း နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် စစ်အုပ်စုထံသို့ လက်နက်၊ ခဲယမ်း၊ လေယာဉ်ဆီ နှင့် ငွေကြေးအထောက်အပံ့များ စီးဆင်းနေခြင်းကို ချက်ချင်း ရပ်တန့်ရန် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်းလည်း ဦးကျော်မိုးထွန်းက ပြောသည်။
စစ်ကောင်စီသည် အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထား တိုက်ခိုက်ခြင်းကို တိုးမြှင့် လုပ်ဆောင်လျက် ရှိသောကြောင့် ပြည်သူများ အလုံးအရင်းဖြင့် နေရပ်စွန့်ခွာမှု၊ သေကြေပျက်စီးမှုများနှင့် အခြေခံ အဆောက်အဦများ ကြီးမားစွာ ထိခိုက်ပျက်စီးခြင်း တို့ ဖြစ်ပေါ်စေကြောင်းလည်း သံအမတ်ကြီးက ဆိုသည်။
ဆက်လက်ပြီး သံအမတ်ကြီးက စစ်အုပ်စုနှင့် ၎င်းတို့၏ တပ်သားများသည် များပြားလှသော လူအစုလိုက်အပြုံ လိုက် သတ်ဖြတ်မှုများကို ကျူးလွန်ခဲ့ပြီး အမျိုးသမီးများ အပါအဝင် အရပ်သား များအား လူမဆန်စွာ သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်များလည်း ရှိနေကြောင်းအောက်တိုဘာ ၁၉ရက်က ပြည်သူများကို ခန္ဓာကိုယ် အစိတ်အပိုင်းများ ခုတ်ထစ် သတ်ဖြတ်ခဲ့ပြီး အချို့၏ ဦးခေါင်းများ မှာ ခြံစည်းရိုးများအပေါ်တွင် ချိတ်ဆွဲခံထားရကြောင်း၊ ယင်းဖြစ်စဉ်ကို ပြောကြားရသည်မှာပင် ထိတ်လန့်ဖွယ်ကောင်းကြောင်းလည်း ဆိုသည်။