By Sayar Ngaat / MPA
မကွေးတိုင်း၊ သရက်အကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသား ၁၀ဦးကျော်ကို တရားမဝင်ပစ္စည်းများတွေ့သည်ဆိုသော အကြောင်းပြချက်ဖြင့် ထောင်အာဏာပိုင်များက တိုက်ပိတ်ထားကြောင်း စုံစမ်းသိရှိရသည်။
အထက်ပါအကျဉ်းသားများကို ထောင်အာဏာပိုင်များက ၂၀၂၄ခုနှစ်၊ အောက်တိုဘာ ၁၃ ရက်မှ စတင်ကာ ယနေ့ (အောက်တိုဘာလ ၂၆ရက်)အထိ တိုက်ပိတ်ထားခြင်းဖြစ်ကြောင်း သရက်အကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“ အောက်တိုဘာလ ၁၃ ရက်ကနေ စပြီး တိုက်ပိတ်ထားတာပါ၊ သူတို့ (အကျဉ်းဦးစီးဌာန) သတင်းပေးကနေ တရားမဝင်ပစ္စည်းတွေ ရှိတယ်ဆိုပြီး ပြောတော့ ဝင်စစ်တာ၊ ပြီးတော့ ဖုန်းတွေ့တယ်ဆိုပြီး တိုက်ပိတ်ပစ်တာ” ဟု သရက်အကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
လက်ရှိတွင် ထောင်အာဏာပိုင်များက နိုင်ငံရေးအကျဉ်းသား ၁၀ဦးကျော်ကို တိုက်ပိတ်ထားသည့်အပြင် ထပ်တိုးအမှုများဖြင့် ထပ်မံ တရားစွဲဆိုရန်စီစဉ်နေကြောင်း ၎င်းက ဆက်ပြောသည်။
ထို့ပြင် ပဲခူးတိုင်း၊ ဒိုက်ဦးအကျဥ်းထောင်တွင်လည်း ထောင်အာဏာပိုင်များက နိုင်ငံရေးအကျဉ်းသားတစ်ဦးကို ပွတ်ချွန်း အခွံ (ဆေးလိပ်ရာတွင် အသုံးပြုသည့် စက္ကူစာရွက်) တွေ့သည်ဟု စွပ်စွဲကာ ဦးခေါင်းနှင့် မျက်နှာကို ဖိနပ်ဖြင့်နင်းပြီး ရိုက်နှက်မှုများပြုလုပ်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ ၁၉ရက်တွင် ထုတ်ပြန်ထားသည်။
အလားတူ ၂၀၂၄ခုနှစ် ဇွန်လ ၁၅ရက်ကလည်း ကျိုက်မရောအကျဉ်းထောင်မှ ဒိုက်ဦးအကျဉ်းထောင်သို့ ထောင်ပြောင်းရွှေ့ခံရသည့်သည့် နိုင်ငံရေးအကျဉ်းသူ ၄၀ ကျော်ကို မူးယစ်ဆေးဝါးနှင့် တခြား တရားမဝင်ပစ္စည်း ယူဆောင်လာသည်ဟု စွပ်စွဲကာ ရှာဖွေ စစ်ဆေးခြင်းများပြုလုပ်ပြီးနောက် ထောင်အာဏာပိုင်များက ရိုက်နှက်မှုများ ပြုလုပ်ခဲ့ကြောင်း နိုငိငံရေးအကျဉ်းသူများအဖွဲ့ (WOPP)က ၂၀၂၄ခုနှစ်၊ ဇွန်လ ၁၆ရက်တွင် ထုတ်ပြန်ထားသည်။
“ နိုင်ကျဉ်းတွေကို ဖိနှိပ်ချင်တဲ့ အခါ၊ ဦးချိုးချင်တဲ့အခါ ထောင်ပိုင်တွေက အဲဒီလို စွပ်စွဲချက်တွေနဲ့ လုပ်လေ့ရှိပါတယ်။ မူးယစ်ဆေးတွေ တွေ့တယ်၊ တရားမဝင်ပစ္စည်းတွေ တွေ့တယ်ဆိုပြီး နိုင်ကျဉ်းတွေ့ကို ဖိနှိပ်တာတွေက သူတို့ လုပ်နေကျ အကွက်တွေပါပဲ” ဟု မြင်းခြံအကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက ပြောသည်။
လက်ရှိ သရက်အကျဥ်းထောင်တွင် ထောင်အရာရှိ ကျော်ဇေယျာစိုးသည် အကျဉ်းထောင်အတွင်း မူးယစ်ဆေးဝါးများသွင်းကာ အကျဥ်းကျနေသူများကို ဖြန့်ဝေရောင်းချနေကြောင်း ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါလက ပြည်တွင်းသတင်းဌာနတချို့က ဖော်ပြခဲ့သည်။
သို့သော် စစ်ကောင်စီ လက်အောက်ခံ ပြန်ကြားရေးဝန်ကြီး ဌာနက ထောင်အရာရှိ ကျော်ဇေယျာစိုးသည် အကျဉ်း ထောင်အတွင်းသို့ မူးယစ်ဆေးဝါး၊ တယ်လီဖုန်း စသည့်တားမြစ်ပိတ်ပင်ပစ္စည်းများ ဝင်ရောက်မှုမရှိရန် နေ့စဉ်သာမန်ရှာဖွေခြင်း၊ အထူးရှာဖွေခြင်းများကို ဝန်ထမ်းများဖြင့် ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့်ပူးပေါင်းကာ နှစ်ပတ်တစ်ကြိမ် အထူးရှာဖွေခြင်းများ ဆောင်ရွက်လျက်ရှိသည်ဟု ၂၀၂၄ခုနှစ်၊ ဩဂုတ်လ ၂၈ရက်တွင် ထုတ်ပြန်ခဲ့သည်။
“ ထောင်ထဲမှာ အကျဉ်းထောင် အက်ဥပဒေတွေ၊ လက်စွဲဥပဒေတွေဆိုတာ ဘာမှ မရှိဘူး။ လူ့အခွင့်အရေးကို ပိုပြီး ချိုးဖောက်ခံနေရတာတွေပဲ နေ့စဉ် ဖြစ်နေတယ်။ နိုင်ငံရေးအကျဉ်းသားတွေက အနည်းဆုံး အကျဉ်းသားအခွင့်အရေးကို မရပါဘူး” ဟု အင်းစိန်အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသူတစ်ဦးက ပြောသည်။
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၇ရက်က သရက်အကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသား ကိုညီညီသည် လုံလောက်စွာ ဆေးကုသခွင့် မရရှိခဲ့သည့်အတွက် သေဆုံးခဲ့ရပြီး အကျဉ်းထောင်အတွင်း လုံလောက်စွာ ဆေးဝါး စောင့်ရှောက်မှုမရမှုများကြောင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ တစ်ရက်မှ စက်တင်ဘာလ၃၀ရက်အထိ နိုင်ငံရေး အကျဉ်းသား ၁၂ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်က အောက်တိုဘာလ တစ်ရက်တွင် ထုတ်ပြန်ထားသည်။
စစ်တပ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ တစ် ရက်မှ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၅ရက်အထိ စစ်ကောင်စီဖမ်းဆီးခဲ့သူသည် ၂၇,၅၈၀ ဦးရှိကာ လက်ရှိ အကျဉ်းထောင်များ၌ အကျဉ်းကျနေသူ ၂၁,၀၃၇ ဦးရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း – AAPP ၏ စာရင်းများအရ သိရသည်။