By Ra Wai / MPA
မြန်မာပြည်သူများအတွက် ထိရောက်ပြီး မြင်သာထင်သာသော အထောက်အပံ့များပေးရန် နိုင်ငံတကာအသိုင်းအဝိုင်းအား သံအမတ်ကြီးဦးကျော်မိုးထွန်းက တောင်းဆိုလိုက်သည်။
အထောက်အပံ့များပေးရာတွင်လည်း မည်သူကိုမျှ နောက်ချန်မထားခဲ့ရန်ဟူသောမူ ကို လိုက်နာဖြည့်ဆည်းပေးရန် သံအမတ်ကြီးက အောက်တိုဘာ၂၁ရက်၊ ကုလအစည်းအဝေးတစ်ရပ်၌ မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြား ခဲ့ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးက ယနေ့သတင်းထုတ်ပြန်သည်။
“ရာဂီမုန်တိုင်းမှာ ပြည်သူတစ်သန်းလောက် ရေဘေးသင့်တယ်လို့ ကုလက ထုတ်ပြန်ထားတယ်။မြန်မာနိုင်ငံမှာရှိတဲ့ ကုလအဖွဲ့တွေက အကူအညီပေးဖို့ ကြိုးစားပါတယ်။ဒါပေမဲ့၊ စစ်တပ်ခွင့်ပြုသလောက်ပဲ နည်းနည်း ကူနိုင်တယ်။ တော်လှန်ရေးတပ်ဖွဲ့တွေ လွှမ်းမိုးထားတဲ့ဒေသက ရေဘေးသင့်ပြည်သူတွေကို မကူနိုင်ပါဘူး။ကုလအဖွဲ့တွေက ဒီနေ့အထိ ရေဘေးသင့်ပြည်သူတွေကို ဘယ်လောက်အတိုင်းအတာထိ ကူညီပေးနိုင်သလဲဆိုတာ မထုတ်ပြန်နိုင်တာ အဲဒါကြောင့်ပါပဲ” ဟု ရန်ကုန်အခြေစိုက် နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးက MPAသို့ပြောသည်။
မြန်မာပြည်သူများအနေဖြင့် စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ တည်ထောင်ရေး အတွက် ခိုင်မာသော သိန္နိဌာန် ချထားပြီးဖြစ်ကြောင်းလည်း သံအမတ်ကြီးက ပြောသည်။
စစ်တပ်၏ ရက်စက်ကြမ်းကြုတ်သော ဖြတ်လေးဖြတ်ဗျူဟာ၊ ရွာများကို မီးရှို့ခြင်း၊ အရပ်သားပစ်မှတ်များအပါအဝင် ပစ်မှတ်မရွေး လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် သတ်ဖြတ်ခြင်းတို့ကြောင့် ပြည်သူများ၏ ဆင်းရဲဒုက္ခများကို ပိုမိုဆိုးရွား စေ ကြောင်းပြည်သူ ၁၅ သန်းကျော်သည် စားနပ်ရိက္ခာမလုံလောက်မှုနှင့် ရင်ဆိုင်နေရပြီး ၁၈ဒဿမ၆ သန်းသည် လူသားချင်းစာနာမှုအကူအညီများ လိုအပ်နေကြောင်း၊ လူပေါင်း ၃ဒဿမ၄ သန်းကျော် အိုးအိမ်မဲ့ဖြစ်နေကြရကာ အိုးအိမ်ပေါင်း တစ်သိန်း ကျော် ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ UNDP အစီရင်ခံစာအရ မြန်မာနိုင်ငံလူဦးရေ၏ ထက်ဝက်နီးပါးသည် ဆင်းရဲမွဲတေမှုမျဉ်းအောက်၌ နေထိုင်နေရကြောင်း၊ ထို့ပြင် တိုင်ဖွန်းမုန်တိုင်း ရာဂီ၏ ရိုက်ခတ်မှုများသည်လည်း မြန်မာပြည်သူများ၏ လက်ရှိ စိန်ခေါ်မှုများအပေါ် ပိုမိုဆိုးရွားစေပြီး အိုးအိမ်မဲ့ဖြစ်မှုများ ပိုမိုတိုးမြင့်လာကာ အသက်ဆုံးရှုံးမှုများ ပိုမိုများပြားလာစေကြောင်း သံအမတ်ကြီးကဆိုသည်။
ဆက်လက်ပြီး သံအမတ်ကြီးက မြန်မာနိုင်ငံသည် ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒကော်မတီ (CDP) ၏ ၂၀၁၈ ခုနှစ် ပြန်လည် သုံးသပ်မှုတွင် ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံအဆင့်မှ လွတ်မြောက်ရန် စံသတ်မှတ်ချက် သုံးခုစလုံးနှင့် ပထမဆုံးအကြိမ် ပြည့်မီခဲ့သော်လည်း တရားမ၀င်စစ်အာဏာသိမ်းမှုနှင့် စစ်အာဏာရှင်များ၏ ရက်စက်ကြမ်းကြုတ်မှုများသည် ရွေးကောက်ခံအရပ်သားအစိုးရ လက်ထက်တွင် ရရှိခဲ့သော တိုးတက်မှုအားလုံးကို ပြောင်းပြန်လှန်ပစ်ခဲ့ကြောင်းလည်း ဆိုသည်။