By Nway / MPA
အမျိုးသမီးတဦးကို ပစ်သတ်ခဲ့သည့် PDF ဒုတပ်ခွဲမှူးအား အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀နှစ်ချမှတ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ( အောက်တိုဘာ ၂၃ရက် ) ညနေပိုင်းတွင် သတင်းထုတ်ပြန်သည်။
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဟံလင်းတိုက်နယ်၊ သခွတ္တောကျေးရွာနေ အမျိုးသမီးတစ်ဦးကို ရွှေဘိုခရိုင်တပ်ရင်းနှစ်၊ တပ်ခွဲတစ်က ဒုတပ်ခွဲမှူး ပြည့်ထွန်းနိုင် (ခ) လင်းစေ က ပစ်သတ်ခဲ့ကြောင်း အကျဉ်းစစ်တရားရုံးချုပ် အမှတ် (၂/၂၀၂၄) အရ ပေါ်ပေါက်သဖြင့် တရားခံအား အလုပ်ကြမ်း နှင့် ထောင်ဒဏ် ၁၀နှစ် ချမှတ်လိုက်ခြင်းဖြစ်သည်။
“အခုလို ပြတ်ပြတ်သားသား ကိုယ့်ပေါင်ကိုယ်လှန်ထောင်းရဲတဲ့အပေါ် ကြိုဆိုရပါမယ်။သေနတ်နဲ့ အာ ဏာသိမ်းခဲ့တဲ့ အကြမ်းဖက်စစ်တပ်ကို တိုက်နေကြတဲ့ တော်လှန်ရေးရဲဘော်တွေအနေနဲ့ သေနတ် အားကိုးဖြေရှင်းတဲ့ပုံစံမျိုး လုံးဝမဖြစ်အောင် နိုင်ငံရေးအသိနဲ့ရော အခုလို ကိုယ့်လူသူ့လူမခွဲခြားဘဲ ပြစ်ဒဏ်ပေးတဲ့နည်းနဲ့ ထိန်းသိမ်းကြရပါမယ်။ဒါမှလည်း ပြည်သူတွေ ယုံကြည်အားကိုးတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ဖြစ်လာမှာ” ဟု မုံရွာအခြေစိုက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦး ကMPA သို့ ပြောသည်။
၂၀၂၄ခု၊ ဖေဖော်ဝါရီ၂၆ ရက်၊ ညနေ သုံးနာရီခွဲခန့်တွင် သမီးရည်းစားချင်း စကားများကြရာမှ ပြည့်ထွန်းနိုင် က သေနတ်ဖြင့် တချက်တည်း ပစ်သတ်ခဲ့သည့်အမှု ဖြစ်ပွားခဲ့သည်။
ယင်းအမှုကို စစ်ဆေးကြားနာရန် ပြည်သူ့ကာကွယ်ရေးတပ်မတော် က ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၉ ရက်နေ့ ရက်စွဲပါ အမိန့်အမှတ် (၁၀၃/၂၀၂၄) ဖြင့် အကျဉ်းစစ်တရားရုံးချုပ်အမှတ် (၂/၂၀၂၄) အား ဖွဲ့စည်းတာဝန်ပေးခဲ့ကြောင်းထုတ်ပြန်ထားသည်။
စစ်ဆေးချက်များအရ ပြည့်ထွန်းနိုင် (ခ) လင်းစေ သည် ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားသဖြင့်၁၉၅၉ ခုနှစ်၊ တပ်မတော် အက်ဥပဒေပုဒ်မ ၇၁ (က)/ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ (၂) အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀နှစ် ကျခံစေရန် စစ်တရားရုံး လုပ်ထုံးလုပ်နည်း အပိုဒ် ၈၁ အရ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်တွင် အတည်ပြု အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို စည်းကမ်းသေဝပ်ကာ ပြည်သူကို အလုပ်အကျွေးပြုသည့် တပ်မတော် တစ်ရပ် ဖြစ်လာစေရန် ရည်ရွယ် တည်ဆောက်လျက်ရှိကြောင်း၊ တပ်မတော်သားများ ကျူးလွန်သည့် ပြစ်မှုများကိုလည်း မျှတသည့် တရားစီရင်မှုများ (fair trial)၊ လုပ်ထုံးလုပ်နည်းများ နှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း MODက ထုတ်ပြန်ထားသည်။