By Garcia Ni / MPA
စစ်ကောင်စီလက်အောက်က သိမ်းယူနိုင်ခဲ့ပြီးဖြစ်သော ချင်းပြည်နယ်၊ မတူပီမြို့တွင်ဖြစ်ပေါ်နေသည့် တပ်မဟာအချင်းချင်းကြား ကွဲလွဲမှုများပြေလည်နိုင်ရေး တတိယအဖွဲ့အစည်း(Third Party)နှင့်အတူ ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း CDF(မတူပီ)၊ တပ်မဟာ၂က အောက်တိုဘာ၂၂ရက်တွင် သတင်းထုတ်ပြန်သည်။
၂၀၂၄ခု၊ အောက်တိုဘာ ၁၉ရက်နှင့် ၂၀ရက်တို့တွင် CDF(မတူပီ)၊ တပ်မဟာ၂၏ ခြောက်လပတ်အစည်းအဝေးကို ကျင်းပခဲ့ပြီးနောက် ယခုလိုဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
” တတိယအဖွဲ့အစည်းကဆောင်ရွက်မဲ့အရာကို ကျတော်တို့ ပွင့်ပွင့်လင်းလင်းမသိသေးဘူး။ သူတို့ရည်ရွယ်ချက်ကတော့ တစ်ဖွဲ့နဲ့တစ်ဖွဲ့သင့်မြတ်ရေး ပြေလည်ရေးလုပ်ပေးမှာပေါ့။ အဲ့ဒီထဲမှာ တစ်ဖွဲ့နဲ့တစ်ဖွဲ့ကဘာတောင်းဆိုမလဲ၊ အဓိက တစ်ဖက်ကဘာတွေလိုချင်မလဲ၊ တစ်ဖက်က ဘာတွေတောင်းဆိုမလဲ၊ တစ်ဖက်ကဘာပြောမလဲဆိုတာတော့ ကျတော်တို့မသိရဘူးပေါ့။ ဒါပေမဲ့ ကျတော်တို့က Third Partyကညှိနှိုင်းတဲ့အဖြေကို၊ လုပ်တဲ့လုပ်ငန်းကိုထဲထဲဝင်ဝင်ပါဝင်ပေးမယ်။ လိုက်လျောသင့်တာလိုက်လျောမယ်၊ ညှိနှိုင်းသင့်တာညှိနှိုင်းမယ်။ အချင်းချင်းပြန်ပြီးတော့ ပြေလည်ဖို့ကို နံပါတ်တစ်ထားပြီးမှ ဆွေးနွေးအဖြေရှာသွားမှာပါ” ဟု CDF (မတူပီ)တပ်မဟာ၂၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းနိုင်ဂျွန်းကိမ်းက MPAကိုပြောသည်။
ထို့ပြင် CDF(မတူပီ)တပ်မဟာ(၁)အနေဖြင့် မတူပီဘာသာရေးခေါင်းဆောင်များဖွဲ့စည်းထားသည့် Peace Commission နှင့်တွေ့ဆုံဆွေးနွေးမှုများရှိခဲ့ပြီး CDF(မတူပီ)တပ်မဟာ(၂)အနေဖြင့်လည်း တွေ့ဆုံသင့်ကြောင်း တပ်မဟာ(၁)ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဘွေအုပ်က ပြောသည်။
” Peace Commission ရဲ့ လုပ်ငန်းအပေါ် မူတည်ပါတယ်။ အပြုသဘောဆောင်ပြီး အဆင်ပြေလာရင် နှစ်ဖွဲ့စလုံး တွေ့ဆုံဖို့ရှိမယ် “ ဟု ၎င်းကဆိုသည်။
CDF(မတူပီ)၊ တပ်မဟာ၂၏ ကွဲလွဲမှုများပြေလည်နိုင်ရေး တတိယအဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်မည်ဆိုခြင်းသည့် အပြုသဘောဆောင်သည့်ကြိုးပမ်းမှုဖြစ်ပြီး ကြိုဆိုရမည်ဖြစ်ကြောင်း ချင်းနိုင်ငံရေးလေ့လာသုံးသပ်သူ ဆလိုင်းခိုင်ဆာက မှတ်ချက်ပြုသည်။
” ပြည်သူလူထုအတွက် သတင်းကောင်းပါပဲ၊ အဓိကတော့ ပြည်သူတွေ သွားရေးလာရေး လွတ်လပ်ဖို့လိုတယ်။ လွတ်လွတ်လပ်လပ် အလုပ်လုပ်နိုင်ဖို့ လိုပါတယ်။ ပြည်သူကို မျက်နှာမူဖို့ လိုပါတယ်။ အခုလိုထုတ်ပြောလာတာကို ကြိုဆိုရမှာပါ ” ဟု ၎င်းကMPAကိုပြောသည်။
CDF(မတူပီ)တပ်မဟာ၂အနေဖြင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို မကြာမီဖွဲ့စည်းသွားမည်ဖြစ်ပြီး တပ်မဟာအချင်းချင်းကြား တွေ့ဆုံ၍ပြေလည်မှုရရှိမှသာလျှင် အုပ်ချုပ်ရေး၊ ပညာရေးနှင့် ကျန်းမာရေးစသည့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ကောင်းမွန်စွာလည်ပတ်နိုင်မည်ဖြစ်ကြောင်း ဆလိုင်းနိုင်ဂျွန်းကိမ်းက ဆက်လက်ပြောသည်။
တဖက်တွင် CDF(မတူပီ)တပ်မဟာ၁ အနေဖြင့်လည်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဖွဲ့စည်းပြီးဖြစ်ကာ အုပ်ချုပ်ရေးလုပ်ငန်းများလည်း စတင်လည်ပတ်နေပြီဖြစ်ကြောင်းသိရသည်။
” အုပ်ချုပ်ရေးကိစ္စရပ်မှာတော့ CC အုပ်စုနဲ့ CB အုပ်စုဖြစ်နေတော့ အခက်အခဲရှိနိုင်တယ်။ ကိုယ့်ထိန်းချုပ်နယ်မြေ အသီးသီးမှာ ကိုယ့်အုပ်စုနဲ့ကိုယ်အကောင်အထည်ဖော်ကြဖို့ပဲ ရှိပါလိမ့်မယ်။ ဖြစ်နိုင်ရင် ပေါင်းကူး၊ ပူးတွဲကော်မတီဖွဲ့နိုင်ရင် အကောင်းဆုံးပါပဲ၊ အဲဒီကတစ်ဆင့် ယုံကြည်မှုတည်ဆောက်ရမှာပေါ့လေ၊ တူတာကို တွဲလုပ်၊ မတူတာ ခွဲလုပ်ဆိုတာ အခုကာလမှာ မလွယ်ပါဘူး။ မဖြစ်နိုင်ဘူး ပြောရမယ်။ နောက်ကွယ်မှာ လက်မည်းကြီးတွေကလည်း ရှိကြတော့ ပိုခက်တာပေါ့လေ။ မတူအရေးကို မတူတွေက သီးသန့်ဖြေရှင်းတာက အကောင်းဆုံးပါ “ ဟု ဆလိုင်းခိုင်ဆာကသုံးသပ်ထားသည်။
မတူပီမြို့ကို CDF(မတူပီ)၊ တပ်မဟာ(၁)နှင့် ချင်းညီနောင်(CB)မဟာမိတ်ပူးပေါင်းတပ်များက ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့တွင် အလုံးစုံသိမ်းပိုက်နိုင်ခဲ့ပြီးနောက် CDF(မတူပီ)၊ တပ်မဟာ(၂)အဖွဲ့ဝင်ဖြစ်သည့် ချင်းလဲန်းကောင်စီ(CC)တပ်ဖွဲ့များအကြား သဘောထားကွဲလွဲမှုများရှိနေခဲ့ပြီး အပြန်အလှန်ပိတ်ဆို့ခြင်းများ ဖြစ်ပေါ်နေခြင်းဖြစ်သည်။
CDF(မတူပီ)တပ်မဟာ၂အနေဖြင့် ခြောက်လအတွင်း ရဲဘော်တစ်ဦးကျဆုံး၊ ခြေထောက်ဆုံးရှုံးသူတစ်ဦးနှင့် ဒဏ်ရာရရှိသူ ခုနှစ်ဦးအထိ ရှိခဲ့ပြီး ချင်းအမျိုးသားတည်ဆောက်ရေး၊ ချင်းအမျိုးသားပိုင်နက်နယ်မြေကိုကာကွယ်ရန်နှင့် ချင်းပြည်လွတ်မြောက်ရေးအတွက် ချင်းလဲန်းကောင်စီလက်အောက်ခံ ကာကွယ်ရေးတပ်ဖွဲ့များနှင့်အတူ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။