By Sayar Ngaat / MPA
ကချင်လွတ်မြောက်ရေးတပ်တော် (KIA) က ဖမ်းဆီးထားသည့် သတင်းထောက်နှစ်ဦးသည် ရက် ၂၀ ကျော်သည်အထိ မိသားစုနှင့် အဆက်အသွယ်မရသေးကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ စုံစမ်း သိရှိရသည်။
သတင်းထောက်နှစ်ဦးဖြစ်သည့် ကိုတာလင်းမောင်နှင့် ကိုနောင်ရိုးသည် ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ ၂၉ရက်တွင် KIA၏ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
” ကိုနောင်ရိုးကို နေအိမ်မှာ ညပိုင်းလာခေါ်သွားတာပါ၊ အခုထိ ဘာကြောင့်ဖမ်းတယ်ဆိုတာ တိတိကျကျ မသိပါဘူး၊ အဆက်အသွယ်မရတာ အခုဆို ရက်နှစ်ဆယ်ကျော်ပြီ ” ဟု ကိုနောင်ရိုး၏ မိသားစုနှင့်နီးစပ်သူတစ်ဦးက ပြောသည်။
ကချင်ပြည်နယ်၊ ဆိုင်းတောင်ကျေးရွာရှိ Jade Garden စားသောက်ဆိုင်တွင် လူကယ်ထုတ်သည့် ကိစ္စကို ကိုတာလင်းမောင်က ရေးသားခဲ့သဖြင့် KIA က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ၎င်း၏ မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
” စက်တင်ဘာ ၂၉ရက်နေ့က နေ့လယ် ၁၂လောက်ထိအတူရှိပါတယ်၊ အပြင်ခဏဆိုပြီး ထွက်သွားတာ အခုထိပြန်မတွေ့ရတာပါ၊ ဘယ်နေရာမှာ ဖမ်းထားလဲဆိုတာအတိအကျမသိရဘူး။ လွှဲချနေတယ်၊ ကောင်းကောင်းမွန်မွန်ထားတယ်လို့ပဲ ပြောပါတယ်။ သူတို့စဖမ်းခံရကတည်းက ရှိနိုင်မဲ့ နေရာအားလုံးရောက်ပါတယ်။ အခုထိ မနားဘဲ စုံစမ်းမေးမြန်းမှုတွေလုပ်နေပါတယ် ” ဟု ကိုတာလင်းမောင်၏ မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၆ရက်က ဆိုင်းတောင်ကျေးရွာအတွင်း တိုက်ပွဲဖြစ်ပွားနေစဉ် Jade Garden စားသောက်ဆိုင်တွင် ပိတ်မိနေသည့်ဝန်ထမ်းများကို KIA အထက်အရာရှိကြီးများ၏စေခိုင်းချက်အရဟုဆိုကာ လူခိုးထုတ်ကယ်ယူခဲ့သည့်အကြောင်းကို ရေးသားပြီး နောက်တစ်ရက်တွင် အဖမ်းခံခဲ့ရခြင်းဖြစ်သည်ဟု မိသားစုနှင့်နီးစပ်သူတစ်ဦးက ရှင်းပြသည်။
ထိုကဲ့သို့ တစ်လနီးပါးကြာသည်အထိ အဆက်အသွယ်မရသည့်အတွက် စိုးရိမ်နေရပြီး သတင်းထောက်များကို ဖမ်းဆီးပြီးနောက် မိသားစုနှင့် သက်ဆိုင်ရာ သတင်းဌာနများကို အကြောင်းမကြားခြင်းသည် သတင်းလွတ်လပ်ခွင့်ကို ခြိမ်းခြောက်နေခြင်းဖြစ်ကြောင်း လွတ်လပ်သော မြန်မာသတင်းစာဆရာများအစည်းအရုံး – IMJA ဒုတိယဥက္ကဠ ကိုနိုင်က ပြောသည်။
” ဖမ်းဆီးခံခဲ့ရပြီး အဆက်အသွယ်မရဖြစ်နေတာဟာ ကချင်ပြည်နယ်လို ပဋိပက္ခဇုန်တွေမှာ အလုပ်လုပ်နေတဲ့သတင်းထောက်တွေရဲ့ လုံခြုံမှုနဲ့ လွတ်လပ်မှုအပေါ် စိုးရိမ်ပူပန်မှုတွေ ပိုပြီးတိုးလာစေပါတယ်။ သတင်းထောက်တွေက လက်ရှိပြည်တွင်းက အခြေအနေတွေကို သတင်းပေးပို့တဲ့နေရာမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ အခုလို သတင်းထောက်တွေကို ဖမ်းဆီးပြီး မိသားစု ဒါမှမဟုတ် သက်ဆိုင်ရာသတင်းဌာနကို အကြောင်းမကြားတာဟာ သတင်းလွတ်လပ်ခွင့်ကို ခြိမ်းခြောက်တာဖြစ်တယ်လို့ IMJA ကပြောလိုပါတယ် ” ဟု ကိုနိုင်က ပြောသည်။
ထို့ပြင် ဖမ်းဆီးခံထားရသည့် သတင်းထောက်နှစ်ဦးကို ချက်ချင်းလွှတ်ပေးပြီး သတင်းထောက်များ၏ အရေးပါသည့် အခန်းကဏ္ဍကို လေးစားကြရန်နှင့် နိုင်ငံတကာဥပဒေအောက်တွင် ဘေးကင်းရေးနှင့် ရပိုင်ခွင့်များကို ပေးရန် KIA ကို တိုက်တွန်းလိုကြောင်း ကိုနိုင်က ဆက်လက် ပြောသည်။
ယခုကဲ့သို့ ကိုတာလင်းမောင်နှင့် ကိုနောင်ရိုးတို့ကို KIA က ဖမ်းဆီးထားမှုသည် ရှေ့တန်းရဲဘော်များက မေးမြန်းစရာရှိသည့်အတွက် ဖမ်းဆီးခဲ့သည်ဟု KIA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက The 74 Media ကို ဖြေကြားထားသည်။
ကိုတာလင်းမောင်သည် စစ်တပ်အာဏာမသိမ်းမီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် သတင်း ထောက်အဖြစ် လုပ်ကိုင်ခဲ့သူတစ်ဦးဖြစ်ပြီး အာဏာသိမ်းပြီးနောက် CDM ပြုလုပ်ထားသူတစ်ဦးပြီး Red News Agency သတင်းဌာနတွင် အလွတ်တန်းသတင်းထောက်အဖြစ် သတင်းလုပ်ငန်းများကို လုပ်ကိုင်နေသူတစ်ဦးလည်းဖြစ်သည်။
ထို့ပြင် ကိုနောင်ရိုးသည်လည်း ၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက်တွင် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းကိုခံခဲ့ရပြီး ရာဇသတ်ကြီးပုဒ်မ ၅၀၅-ကဖြင့် တရားစွဲဆိုခံရကာ ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် ပြန်လည်လွတ်မြောက်လာသူတစ်ဦး ဖြစ်သည့်အပြင် ဖားကန့်အခြေစိုက် အလွတ်တန်းသတင်းထောက်အဖြစ် ဆောင်ရွက်နေသူလည်းဖြစ်သည်။
စစ်တပ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီ ၁ရက်မှ စတင်ကာ သုံးနှစ်ကျော်အတွင်း သတင်းမီဒီယာ ၁၅ ခု ပိတ်သိမ်းခံရကာ၊ သတင်းထောက် ခုနစ်ဦး သေဆုံးခဲ့သည့်အပြင် ၂၀၂၄ ခုနှစ် ဇူလိုင်လအထိ သတင်းသမား ၁၇၂ ဦး ဖမ်းဆီးခံခဲ့ရပြီး ယင်းတို့အနက် ၅၂ ဦး အကျဉ်းချခံထားရဆဲ ဖြစ်ကြောင်း၊ ဖမ်းဆီးခံရသည့် သတင်းထောက်များ၏ အချက်အလက်များကို စောင့်ကြည့်မှတ်တမ်းတင်နေသည့် Detained Journalists Information Myanmar၏ စာရင်းများအရသိရသည်။