By Nway / MPA
ပဲခူးတိုင်း၊ ဒိုက်ဦးထောင်တွင် သောက်သုံးရေ ပြတ်လပ်နေပြီး ချိုးရေမလုံလောက်သဖြင့် နိုင်ငံရေးအကျဥ်းသူ ၁၀၀ကျော် အရေပြားရောဂါ ဖြစ်ပွားနေကြောင်း သိရသည်။
ယခုလ ပထမပတ်မှစ၍ ဒိုက်ဦးအကျဉ်းထောင်တွင်း၌ ရေပြတ်လပ်မှုကြောင့် နိုင်ငံရေးအကျဉ်းသူများ အရေပြားရောဂါ ဖြစ်ပွားနေပြီး လူဦးရေ ၅၀ဝန်းကျင်သာဆံ့သောအခန်းတွင် လူ ၈၀ခန့် ထားရှိခြင်းကြောင့် အရေပြားရောဂါ ပိုမိုဆိုးဝါးလာကြောင်း နိုင်ငံရေးအကျဉ်းသူများအဖွဲ့ ( WOPP ) က ယနေ့ ( အောက်တိုဘာ ၂၁ရက် ) သတင်းထုတ်ပြန်သည်။
” ရေပြတ်လပ်နေတဲ့အတွက် စားသောက်ရေးမှာလည်း ခက်ခဲတယ်။ ပြီးတော့ အရေပြားရောဂါ တွေ အပြင် အမျိုးသမီးရောဂါတွေလည်းဖြစ်လာနိုင်တယ်။ သားအိမ်အားနည်းတာတွေ၊ ဓမ္မတာလာရင် ရေလုံလောက်မှုမရှိတာကြောင့် ပိုးမွှားတွေ ပိုဖြစ်စေနိုင်တယ် ” ဟု နိုင်ငံရေးအကျဉ်းသူများအဖွဲ့ ( WOPP ) တာဝန်ခံ မဇူးဇူးမေယွန်းက ပြောသည်။
ဒိုက်ဦးအကျဉ်းထောင်တွင် ရေကန် သုံးကန် ရှိသည့်အနက် ကန်နှစ်ကန်မှာ ရေလုံးဝမရှိတော့ဘဲ ကျန်ရေကန်မှာလည်း သန့်ရှင်းမှုမရှိဘဲ ကြေးနီရောင်ရေများသာရှိကြောင်း WOPP က ထုတ်ပြန်ထားသည်။
အရေပြားရောဂါ ဖြစ်ပွားနေသော်လည်း အကျဉ်းဦးစီးဌာနက လုံလောက်သည့် ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေးခြင်းမရှိသည့်အပြင် မိသားစုဝင်များက ဆေးဝါးပို့ဆောင်ရာတွင်လည်း ပိတ်ပင်ကန့်သတ်မှုများ ပြုလုပ်နေကြောင်း သိရသည်။
” ဒိုက်ဦးထောင်က အမျိုးသမီးဆရာဝန်မရှိဘူး။ အမျိုးသားဆရာဝန်တွေရှိပေမဲ့ ဆေးဝါးကုသမှုမှာ ညံ့ဖျင်းတယ်။ အနာနဲ့ဆေး တခြားစီပေးတယ်။ ထောင်က လူသူဝေးလံတဲ့နေရာမှာ တည်ရှိတာဖြစ် တဲ့ အတွက် မိသားစုဝင်တွေလည်း ဆေးဝါးပို့ပေးရတာ မလွယ်ကူဘူး ” ဟု မဇူးဇူးမေယွန်းက ဆက်လက်ပြောသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အကျဉ်းထောင်များတွင် သတ်ဖြတ်ခံရသည့် နိုင်ငံရေးအကျဉ်း သူများ ရှိနေပြီး သောက်သုံးရေပြဿနာကြောင့် သေဆုံးရသည့် နိုင်ငံရေးအကျဉ်းသူများ ရှိလာပါက စစ်ကောင်စီက အဓိက တာဝန်ယူရမည်ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသူများအဖွဲ့ ( WOPP ) က သတိပေးထားသည်။