By Ra Wai / MPA
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အင်မထီးပျူစောထီးရွာနေ ပြည်သူခြောက်ဦးတို့သည် တော်လှန်ရေးအင်အားစုထံသို့ ထွက်ပြေးခိုလှုံလာကြောင်းသိရသည်။
အောက်တိုဘာ ၂၀ရက်တွင် ပုလဲမြို့နယ်၊ တိုက်နယ်၊ ရပ်ကျေးပကဖနှင့် ပအဖများထံ အင်မထီးပျူရွာ မှ အမျိုးသမီးသုံးဦး၊ အမျိုးသားတစ်ဦးနှင့် ကလေးငယ်နှစ်ဦးတို့ ထွက်ပြေးခိုလှုံလာကြောင်း ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့(အောက်တိုဘာ၂၁ရက်) သတင်းထုတ်ပြန်သည်။
” အတွင်းထဲမှာ လူ့အခွင့်အရေးချိုးဖောက်ခံရတာတွေ အများကြီးရှိတယ်ပေါ့နော်။ အစားအစာ ရှားပါးတာတွေ၊ အလုပ်အကိုင် လွတ်လွတ်လပ်လပ်လုပ်မရတာတွေ၊ စကစနဲ့ပျူရွာပေါင်းထားတဲ့ အခြေအနေကြောင့် လုံးဝလွတ်လွတ်လပ်လပ် လုံလုံခြုံခြုံနေလို့မရတဲ့ အခြေအနေတွေရှိ တယ်ပေါ့နော်” ဟု ထွက်ပြေးလာသူတို့ထံက သိရသည့် အချက်အလက်များကို ပုလဲမြို့နယ်ပအဖမှ တာဝန်ရှိသူတစ်ဦးက MPAသို့ ပြန်ပြောပြသည်။
ထွက်ပြေးလာသူများသည် အဝတ်တစ်ထည်၊ ကိုယ်တစ်ခုဖြင့် အသက်စွန့်ထွက်ပြေးလာရသည့် အတွက် မြို့နယ်ပအဖ၊ လူသားစာနာအဖွဲ့က သုံးစွဲစရာငွေကြေးတချို့နှင့် လိုအပ်သည်များ ထောက်ပံ့ပေးထားကြောင်း သိရသည်။
” ထွက်ပြေးလာတဲ့ လူတိုင်း၊လူတိုင်းကို ကျတော်တို့ စီစဉ်ပေးပါတယ်။ စီစဉ်ပေးမှလည်း သူတို့ နေမှုထိုင်မှုအဆင်ပြေမှာပါ။ နောက်ဆက်တွဲကလည်း ကျတော်တို့ NUG ကထောက်ပံ့တာရော၊ တော်လှန်ရေးမှာကူနေတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေဆီကရော လူသားချင်းစာနာမှုရအောင် သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ပူးပေါင်းပြီး တောက်လျှောက်အကူအညီရအောင် ဆောင်ရွက်ပေးနေပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ပုလဲမြို့နယ်၊ အင်မထီးနှင့် ဇီးဖြူကုန်းပျူရွာများတွင် ရိက္ခာပြတ်နေသဖြင့် စစ်တပ်က လေယာဉ်ဖြင့်ရိက္ခာချပေးနေကြောင်းသိရသည်။