By Zwe Ko / MPA
ပဲခူးတိုင်း ၊ အုတ်ဖိုမြို့နယ်တွင် ပေါ်တာဆွဲခံရပြီး စစ်သင်တန်းကျောင်းအပို့ခံရသည့် လူငယ် ခြောက်ဦး ထွက်ပြေးလွတ်မြောက်ခဲ့ပြီး သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁ တပ်ခွဲ -၅ ကြို့ပင်ကောက် Hero တပ်ဖွဲ့ထံ ရောက်ရှိခဲ့ကြောင်း ပေါ်တာဆွဲခံရသည့်လူငယ်များက ပြောသည်။
၂၀၂၄ခုနှစ်၊ ဩဂုတ်လကုန်ပိုင်းက အုတ်ဖိုမြို့နယ်အတွင်းရှိ ကျေးရွာတစ်ခုတွင် လူငယ်တစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့များက ပေါ်တာဆွဲခဲ့ခြင်းဖြစ်ကြောင်း ပြန်လည်လွတ်မြောက်ခဲ့သည့် အသက် ၂၁ နှစ်အရွယ် လူငယ်တစ်ဦးက ပြောသည်။
ယခုကဲ့သို့ စစ်ကောင်စီထံမှ ထွက်ပြေးလွတ်မြောက်ခဲ့သည့် လူငယ်ခြောက်ဦးသည် အသက် ၂၀ကျော်အရွယ် လူငယ်များဖြစ်ကြောင်းလည်း သိရသည်။
“ ထွက်ပြေးရင်ပစ်သတ်မယ်ဆိုပြီး ခေါ်လာတာ၊ ပြီးတော့ မြို့ပေါ်ထွေအုပ်ရုံးကို အပို့ခံရတယ်။ အဲဒီမှာတစ်ပတ် လောက်ကြာတယ်။ အဲ့ဒီကနေ သာယာဝတီ ၃၅တပ်ရင်းကို ပို့တာ ၊ အဲဒီမှာလည်း ၁၀ရက်ကျော်လောက်ကြာတယ်။ နောက်ပြီး တောင်ငူတပ်မ ခြောက်ကို ပို့တယ်။ အဲ့ဒီမှာ စစ်သင်တန်း သုံးပတ်တက်ပြီးတော့ ကိုးလပိုင်းကုန်ခါနီးမှာထွက်ပြေးလာတာ ”ဟု ၎င်းက ရှင်းပြသည်။
ထို့ပြင် အုတ်ဖိုမြို့ပေါ်သို့ စျေးဝယ်သွားသည့် လူငယ်တစ်ဦးကိုလည်း စစ်သားတစ်ယောက်နှင့် ရဲတစ်ယောက်က ဖမ်းဆီးခဲ့ပြီးနောက် ပထမလူငယ်ကဲ့သို့ပင် အဆင့်ဆင့်ပို့ဆောင်ကာ တောင်ငူ တပ်မ ခြောက်စစ်သင်တန်းတက်ရောက်ခဲ့ရကြောင်း ပြန်လည် လွတ်မြောက်ခဲ့သည့် အသက် ၂၀အရွယ် လူငယ်ကပြောသည်။
“ သာယာဝတီကိုရောက်တော့ နှစ်နှစ်စစ်မှုထမ်းရမယ်လို့ပြောတယ်။ သင်တန်းက သုံးလတက်ရမယ်။ ကျန်တဲ့ တစ်နှစ်နဲ့ ကိုးလကို မိခိင်တပ်ရင်းမှာ တာဝန်ထမ်းဆောင်ပြီး မိဘအိမ်ပြန်ရမယ်လို့ပြောတာ၊ သွေးစစ်တယ်။ စာချုပ်မှာလည်း ကိုယ့်သဘောနဲ့ လိုက်ပါတယ်ဆိုပြီး လက်မှတ်ထိုးခိုင်းတယ်။ စာချုပ်ထဲမှာတော့ ငါးနှစ်စစ်မှုထမ်းရမယ်လို့ ရေးထားတယ်။ ထမင်းဟင်းတွေကလဲ ဖြစ်သလိုကျွေးတာ၊ စိတ်မထင်ရင်လဲ သေနတ်နဲ့ထုခံရတယ်။ ခြေထောက်နဲ့ အကန်ခံရတယ်။ ထွက်မပြေးဖို့လဲ အမျိုးမျိုးစည်းရုံးတယ်။ မိသားစုနဲ့ ခြိမ်းခြောက်တာပေါ့လေ ” ဟု ၎င်းက ရှင်းပြသည်။
ထိုကဲ့သို့ စစ်ကောင်စီက ပေါ်တာဆွဲဖမ်းဆီးခဲ့သည့် လူငယ်များသည် စစ်သင်တန်းပို့ခံရသည့်အပြင် မိသားစုဝင်များထံကပါ ငွေကြေးတောင်းခံမှုများ ပြုလုပ်ခဲ့ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။
“စိသားစုကိုပိုက်ဆံနဲ့လိုက်ရွေးခိုင်းတယ်။ ပိုက်ဆံမပေးနိုင်ရင် လူအစားထိုးပေးဖို့ပြောတယ်။ အဲဒါအိမ်တွေက သိန်း ၆၀၊ ၇၀ပေးပြီးလိုက်ရွေးတယ်။ပိုက်ဆံကတော့ ယူထားတယ်။ နောက်နေ့လွှတ်ပေးမယ်ပြောပြီး မနက်အစောကြီးမှာ ကားတွေနဲ့ သာယာ၀တီကနေ တောင်ငူအပို့ခံလိုက်ရတယ်။ ဖုန်းတွေလည်းသိမ်းသွားတယ်။ ပြန်လည်းမပေးဘူး။ ကျတော်ဆို့ သိန်း ၅၀လောက်ကုန်သွားတယ် ” ဟု အထက်ပါလူငယ်က ပြောသည်။
စစ်ကောင်စီထံမှ ထွက်ပြေးလာသည့် လူငယ်ခြောက်ဦးသည် တောင်ငူမြို့ရှိ တော်လှန်ရေးထောက်ပို့ရဲဘော်တစ်ဦးနှင့် တွေ့ဆုံခဲ့ပြီးနောက် သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁ တပ်ခွဲ -၅ ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့သို့ ဆက်သွယ်လာသည့်အတွက် ကယ်ဆယ်ခဲ့ခြင်းဖြစ်သည်ဟု ယင်းအဖွဲ့တာဝန်ခံ ဗိုလ်မိုးကြိုးလေးက ပြောသည်။
“သွားခေါ်တာ တစ်ပတ်လောက်ကြာတယ်။ ကျတော်တို့ကောင်းကောင်းမွန်မွန် ထိန်းသိမ်းစောက်ရှောက်ထားပါတယ်။ နောက်ဒါမျိုးပေါ်တာအဆွဲခံကပြီး သူတို့နောက်ပါသွားတဲ့ လူငယ်တွေလည်း ကျတော်တို့ကိုဆက်သွယ်လာရင်ကူညီဖို့အသင့်ပါ၊ နောက်ထပ်လူငယ်တွေလည်းဒါမျိုး မဖြစ်အောင် အသွားလာ ဆင်ခြင်ပြီးနေထိုင်ကြဖို့သတိပေးလိုပါတယ်”ဟု ဗိုလ်မိုးကြိုးလေးက ဆိုသည်။
လက်ရှိ စစ်ကောင်စီထံမှ ထွက်ပြေးလွတ်မြောက်လာသည့် လူငယ်ခြောက်ဦးသည် စစ်တပ်ကို ပြန်လည် တိုက်ခိုက်သွားမည်ဟုလည်း ၎င်းတို့၏ ပြောကြားမှုများအရသိရသည်။
ထို့ပြင် စစ်ကောင်စီ၏ တောင်ငူ တပ်မ ခြောက် စစ်သင်တန်းမှ ထွက်ပြေးလွတ်မြောက်ခဲ့သည့် လူငယ် ၂၀ကျော်ခန့်ရှိကြောင်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁ တပ်ခွဲ -၅ ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့တွင် ခိုလှုံနေသည့် လူငယ်များက ဆိုသည်။
၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ရက်မှ စတင်ကာ စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက် စစ်မှုထမ်းရန်အတွက် ဖမ်းဆီးခံရသူများထဲတွင် မျက်လုံးမကောင်သူများ၊ ရောဂါအခံရှိသူများ ပါဝင်သော်လည်း ပြန်လွှတ်ပေးခြင်းမရှိဘဲ စစ်သင်တန်းကျောင်းသို့ ပို့ဆောင်ခံရသူများရှိကြောင်း ပြန်လည်လွတ်မြောက်လာသည့် လူငယ်များက ပြောသည်။