By Zwe Ko / MPA
ညဘက် လယ်ကွင်းများ၌ လယ်ယာလုပ်ငန်းလုပ်ကိုင်သည့် တောင်သူများကို စစ်ကောင်စီက ဖမ်းဆီးခြင်းနှင့် ပေါ်တာဆွဲခြင်းများ ပြုလုပ်ပါက တာဝန်မယူဟု စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများက ပြောဆိုကြောင်း တောင်သူများထံမှ စုံစမ်းသိရှိရသည်။
လက်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စစ်မှုထမ်းလူဦးရေလိုအပ်နေခြင်းကြောင့် ပေါ်တာဆွဲမှုများကို နေ့ည မခွဲဘဲ ဖမ်းဆီးမှုများပြုလုပ်ဆောင်နေကြောင်း သာယာ၀တီမြို့နယ်၊ ညောင်ဝိုင်းကျေးရွာအုပ်စုမှ အမျိုးသားတောင်သူတစ်ဦးက ပြောသည်။
“ပိုစိတ်ပူရတာက ကားတွေဘာတွေဝင်ထွက်လို့ရတဲ့ လမ်းဘေးက လယ်သမားတွေပေါ့၊ သူတို(စစ်ကောင်စီတပ်ဖွဲ့ဝင်များ)သွားတာ လာတာနဲ့တွေ့ရင်အဆွဲခံရနိုင်တယ်တဲ့၊ ဆွဲလို့ပါသွားရင်လည်းလိုက်မထုတ်ပေးနိုင်ဘူး။ သူတို့(စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး) ဖမ်းခိုင်းတာမဟုတ်ဘူး၊ အသွားလာဆင်ခြင်ဖို့ ပြောတဲ့ သဘော”ဟု ၎င်းက ပြောသည်။
၂၀၂၄ခုနှစ်၊ စက်တင်ဘာလအတွင်းကလဲ လက်ပံတန်းမြို့နယ်၊ ခမုံဆိပ်ကျေးရွာ၌ စပါးရိတ်ချွေစက်မောင်းနေသည့် လူငယ်နှစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ကြောင်း ယင်းကျေးရွာနေ အမျိုးသားတစ်ဦးက ပြောသည်။
“ရွာထိလာဖမ်းတာ၊ အရပ်ဝတ်တွေနဲ့၊ ပြေးချိန်မရလိုက်ဘူး။ လယ်ထဲအလုပ်လုပ်နေတဲ့အချိန်ဆိုတော့၊ ပြန်မလွတ်လာဘဲ စစ်သင်တန်းပါသွးတယ် ”ဟု ၎င်းက ပြောသည်။
ထို့ပြင် အောက်တိုဘာလဆန်းပိုင်းကလည်း မင်းလှမြို့နယ်တွင် လယ်လုပ်ငန်းခွင်မှ စပါးသယ်ယူပြန်လာသည့် လူငယ်နှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ကြောင်း မင်းလှမြို့နယ်မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အမျိုးသမီးတစ်ဦးက ပြောသည်။
“ ညနေ ခြောက်နာရီကျော်လောက်မှာ ဖြစ်သွားတာ၊ ဘယ်ရွာကကောင်လေးတွေလဲတော့မသိဘူး။ မြို့တောင်ဘက် အထွက်မှာ အဖမ်းခံရတာ၊ စစ်တပ်ကဖမ်းပြီဆိုရင် ပြန်လွတ်လာတဲ့သူရှားတယ်။ ရှေ့လျှောက်လဲ ပိုဖမ်အုန်းမှာ အားလုံး သတိထားဖို့လိုတယ် ” ဟု ၎င်းက သုံးသပ်သည်။
ထိုကဲ့သို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မြို့ပေါ်တွင်းသွားလာနေသည့် လူငယ်များသာမက လယ်ယာလုပ်ငန်းများတွင် အလုပ်လုပ်ကိုင်နေသူများကိုပါ ဖမ်းဆီးမှုပိုမိုလုပ်ဆောင်လာခြင်းကြောင့် လယ်ယာလုပ်ငန်းခွင်များ နှောင့်နှေးရကြောင်း လက်ပံတန်းမြို့နယ်မှ အသက် ၄၀ အရွယ် တောင်သူအမျိုးသမီးတစ်ဦးက ပြောသည်။
“စပါးတွေက မိုးရွာရင်ရိတ်မရဘူး၊ အဲဒီတော့နေပူတဲ့ရက်တွေဆိုည ဘက်တွေ ၁၂နာရီလောက်ထိ ရိတ်ခိုင်းရတယ်၊ ခုလိုဖမ်းတယ်ဆီးတယ်ပေါ်တာဆွဲတယ်အသံလည်းကြးရော စက်သမား(စပါးရိတ်ချွေစက်)တွေလည်း ငှားမရတော့ဘူး၊ မြို့သွား စပါးရောင်းဖို့တောင် ညနေဆောင်းဆိုကားငှားမရတော့ဘူး၊ ဒီလိုသာဆို မတ်ပဲချိန်ဆိုဘယ်လိုလုပ်ပါ့၊ အလုပ်သမားတောင်ငှားရမှာမဟုတ်တော့ဘူး”ဟု ထိုအမျိုးသမီးက ရှင်းပြသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် ငွေကြေးဖောင်းပွမှု အဆမတန်ဖြစ်ပေါ်ပြီးနောက် စိုက်ပျိုးရေးသွင်းအားစုများ စျေးမြင့်တက်ခဲ့ခြင်းကြောင့် လယ်လုပ်ငန်းသည် အရှုံးပေါ်နေရသည့်အပြင် စစ်မှုထမ်းအတွက် လယ်သမားများကိုပါ ဖမ်းဆီးမှုများ ပြုလုပ်နေသည့်အတွက် တောင်သူများ ဒုက္ခများစွာရင်ဆိုင်နေရသည်။
အထက်ပါအတိုင်း စစ်တပ်က လုပ်ဆောင်နေခြင်းများကြောင့် ကျေးလက်နေလူငယ်အများစုသည် ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်သူများရှိသလို့ လွတ်မြောက်နယ်မြေများသို့ ထွက်ပြေးသူများ များပြားလာသည့်အတွက် စိုက်ပျိုးရေးလုပ်ငန်းကို အမွေဆက်ဆံမည့် လူငယ်များရှားပါးလာသည်ဟု တောင်သူများက ဆိုသည်။
ယင်းအပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကျေးရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်ကာ အထိုင်ချတပ်စွဲခြင်း၊ ကျေးရွာများအနီး တိုက်ပွဲများ ဖြစ်ပွားခြင်းများကြောင့် လယ်ယာမြေများပေါ်တွင် စိုက်ပျိုးရေးလုပ်ငန်းများ မလုပ်ကိုင်နိုင်ဘဲ ထွက်ပြေးနေရသည့် တောင်သူအများအပြားလည်းရှိသည်။