By Ra Wai / MPA
စစ်ကောင်စီကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) သို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှတစ်ဆင့် လွှဲအပ်တင်သွင်းရန် သံအမတ်ကြီးဦးကျော်မိုးထွန်းက တောင်းဆိုလိုက်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးက ယနေ့(အောက်တိုဘာ၁၉ရက်)သတင်းထုတ်ပြန်သည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့် နိုင်ငံတကာအသိုက်အဝန်းအနေနှင့် စစ်ကောင်စီအပေါ်
ကမ္ဘာလုံးဆိုင်ရာအဆင့် လက်နက်တင်ပို့ ရောင်း ချမှုနှင့် တိုက်လေယာဉ်ဆီ ထောက်ပံ့မှုအပေါ် အရေးယူပိတ်ဆို့မှုများ ချမှတ်ရန်နှင့် စစ်ကောင်စီအဖွဲ့ဝင်များ၏ ရာဇဝတ်မှုများကို တရားစွဲဆိုရန်အ တွက် ဆောင်ရွက်နိုင်သော သက်ဆိုင်ရာ နိုင်ငံများ၏ ပြည်တွင်းဥပဒေမူဘောင်များ အတွင်း ကမ္ဘာလုံးဆိုင်ရာ စီရင်ပိုင်ခွင့်ကို ကျင့်သုံးကာ အရေးယူဆောင်ရွက်မှုများ ပြုလုပ်ပေးရန်လည်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အောက်တိုဘာ၁၆ရက်က ကျင်းပသည့် ကုလသမဂ္ဂအစည်းအဝေးတစ်ရပ်တွင် မိန့်ခွန်းပြောကြား ရာ၌ ယင်းသို့ တောင်းဆိုခဲ့ခြင်းဖြစ်သည်။
“ကုလသမဂ္ဂရဲ့ လေးလံလွန်းလှတဲ့ ယန္တရားနဲ့ လုံခြုံရေးကောင်စီမှာ အကျိုးစီးပွားအပေါ် အခြေခံရပ် တည်နေတဲ့ အာဏာရှင်တစ်ပိုင်း နိုင်ငံကြီးတွေရဲ့ နွေဦးတော်လှန်ရေးအပေါ်ဆန့်ကျင်နေမှုအရ ကုလ လမ်းကြောင်းကနေ စစ်ကောင်စီကို အရေးယူနိုင်ဖို့က အလှမ်းဝေးနေဦးမှာပါပဲ။ဒါပေမဲ့၊ကုလစင်မြင့် ထက်ကနေ စစ်အာဏာရှင်တွေရဲ့ ရာဇဝတ်မှုတွေကိုဖွင့်ချတောင်းဆိုတဲ့အလုပ်ကို သံအမတ်ကြီးအ နေနဲ့ ဆက်လုပ်နေရမှာပဲ”ဟု ရန်ကုန်အခြေစိုက်နိုင်ငံရေးသုံးသပ်သူတစ်ဦးက MPAသို့ပြောသည်။
ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့် ကျင့်သုံးခြင်းသည် မည်သို့သော အခြေအနေတွင်မဆို ကြီးလေးသော နိုင်ငံတကာရာဇဝတ်မှု ကျူးလွန်သူများအတွက် “ ခိုအောင်းရာနေရာ” ပပျောက်ရေးနှင့် ကြီးလေးသော ရာဇဝတ်မှုများ တားဆီးနိုင်ရေးကို ဦးတည်ချက်အဖြစ် ထားရှိရမည် ဖြစ်ကြောင်း မြန်မာပြည်သူများအပေါ် စစ်တပ်၏ ဆက်လက်ကျူးလွန်နေသော အကြမ်းဖက်မှုများ ရပ်တန့်ရန်အတွက် နိုင်ငံတကာအသိုက်အဝန်း၏ တုံ့ပြန်မှုသည် ယခုအချိန်အထိတိုင် လုံလောက်မှု မရှိသေးကြောင်းလည်း သံအမတ်ကြီးကပြောသည်။
စစ်တပ်သည် မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးမှုကို စနစ်တကျ ဖျက်ဆီးခဲ့ပြီး ပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်မှု များကို အရှိန်မြှင့် ဆောင်ရွက်နေကြောင်း တစ်ချိန်တည်းမှာပင် ဥပဒေဆိုင်ရာ မူဘောင်များ ကို ရည်ရွယ်ချက်ရှိရှိဖြင့် ဖျက်ဆီးခဲ့ခြင်းကြောင့် နိုင်ငံအတွင်း လွတ်လပ်၍ တရားမျှတ စွာ ဘက်မလိုက်ဘဲ စုံစမ်းစစ်ဆေးရေးလုပ်ငန်းများ လုပ်ဆောင်ရန် မဖြစ်နိုင်တော့ကြောင်း သံအမတ်ကြီးကပြောသည်။
ဆက်လက်ပြီး သံအမတ်ကြီးက စစ်တပ် ထိန်းချုပ်ထားသည့် တရားရုံးများသည် နစ်နာသူများ၏ တရားဥပဒေ ဆိုင်ရာ ရပိုင်ခွင့်၊ အခွင့်အရေးများကို အမြဲလိုလို ချိုးဖောက်ပျက်ကွက်နေပြီး ပွင့်လင်းမြင်သာမှု နှင့် မျှတသောစီရင်မှုများ မရှိဘဲ လည်ပတ်နေကြောင်း တရားမဝင် အာဏာရယူရန် ကြိုးပမ်းမှု ကာလ တစ်လျှောက်တွင် မြန်မာနိုင်ငံ၏ တရားစီရင်ရေးစနစ်သည် ပြိုလဲသွားရုံသာမက စစ်တပ်၏ ပြည်သူလူထုအပေါ် ရာဇဝတ်ကျူးလွန်မှုများတွင် တက်ကြွစွာ ပူးပေါင်းဆောင်ရွက် ပေးသည့် ယန္တရားတစ်ခု ဖြစ်လာခဲ့ကြောင်းလက်ရှိဖြစ်ပေါ်နေသော အခြေအနေများက မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းဥပဒေစနစ်ဖြင့် ရာဇဝတ်မှုကျူးလွန်သူများအား ထိရောက်စွာ အပြစ်ပေးအရေးယူနိုင်ရန်နှင့် တာဝန် ယူမှု၊ တာဝန်ခံမှုဖြင့် ပြစ်ဒဏ်ကျခံစေရန် လုံးဝ စွမ်းဆောင်နိုင်ခြင်း မရှိသည်ကို ထင်ရှားစွာ ပြသနေကြောင်းလည်း ပြောသည်။