By Garcia Ni / MPA
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် သီတင်းကျွတ်လပြည့်နေ့ကို အခွင့်ကောင်းယူ၍ စစ်ကောင်စီက လူငယ်အများအပြားကို စစ်မှုထမ်းရန်ဖမ်းဆီး၍ ငွေကြေးတတ်နိုင်သူများကို လူတစ်ဦးလျှင်သိန်းတစ်ရာကျော်ဖြင့် ပြန်ရွေးခိုင်းကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရသည်။
၂၀၂၄ခုနှစ်၊ အောက်တိုဘာ ၁၆ရက်ကစ၍ ကလေးမြို့နေရာအနှံ့အပြားတွင် စစ်ကောင်စီနှင့်ပျူစောထီးများက ကင်းချ၍ ဆိုင်ကယ်တစ်စီးလျှင် အမျိုးသားနှစ်ယောက်စီးသည်ဟူသည့် အကြောင်းပြချက်ဖြင့် ဖမ်းဆီးမှုများရှိခဲ့ပြီး အောက်တိုဘာ ၁၇ရက်နေ့တွင် လူငယ်အများအပြားဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကြောင်း ကလေးမြို့ဒေသခံအမျိုးသားတစ်ဦးက MPAကိုပြောသည်။
” မနေ့က သီတင်းကျွတ်လပြည့်နေ့ဆိုတော့ လူငယ်တွေလည်း အတော်ထွက်ကြတယ်လေ၊ အဲ့ဒါကို စောင့်ပြီးတော့ ဖမ်းတဲ့သဘောမျိုးလို့လည်း ပြောလို့ရတာပါ့၊ မနေ့ကတော့ အတော်ပါသွားတယ်ပြောတယ်။ သေသေချာချာတော့မပြောတတ်ဘူး။ လေးဆယ်ငါးဆယ်လောက်တော့ရှိလောက်တယ်” ဟု ၎င်းကဆိုသည်။
ဖမ်းဆီးခံရသည့် လူငယ်များအနက် အသက်မပြည့်သေးသည့် လူငယ်အချို့ပြန်လွှတ်ပေးကြောင်းသိရပြီး အသက်ပြည့်သူများကို ကလေးမြို့စုပေါင်းရုံးသို့ ခေါ်ဆောင်သွားကာ ငွေကြေးတတ်နိုင်ပြီး စစ်မှုမထမ်းလိုသူများကိုမူ လူတစ်ဦးလျှင် ငွေသိန်းတစ်ရာကျော်ဖြင့် ရွေးခိုင်းခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
စစ်မှုထမ်းဥပဒေပြဌာန်းပြီးသည့်နောက်ပိုင်း စစ်ကောင်စီသည် ကလေးမြို့တွင် လူငယ်များအားခပ်စိပ်စိပ် ဖမ်းဆီးလာသည်ကိုတွေ့ရပြီး ယခုတစ်ပတ်တွင် အမျိုးသမီးများကိုပါ ဖမ်းဆီးမှုပြုလုပ်လာနိုင်ကြောင်း ကလေးမြို့လူထုသပိတ် ဦးဆောင်ကော်မတီ၏ တာဝန်ခံကိုဗိုက်ပူက သုံးသပ်သည်။
” ဒီတစ်ပတ်တော့ အမျိုးသမီးစစ်မှုထမ်းအတွက်ပါ လူခြောက်ဆယ်လောက်ဖမ်းမယ် လို့ကြားနေတာတော့ရှိတယ်။ အခုက လူနေကျဲတဲ့ရပ်ကွက်တွေထဲမှာလည်း ခြင်းဝိုင်းတို့၊ ဇယ်ဝိုင်းတို့ရှိတယ်ဆို အဲ့လိုတွေ လူစုလူဝေးရှိတဲ့နေရာတွေကို ပိုပြီးဖမ်းလာတာတွေရှိတယ်လို့ကြားတယ် ” ဟု ကိုဗိုက်ပူက ပြောသည်။
ဖမ်းဆီးခံရသည့် လူငယ်များကို ကလေးမြို့မြောက်ပိုင်း၊ စခန်းကြီးရွာအနီးရှိ စစ်ကောင်စီ၏လေ့ကျင့်ရေး(၁၀)တပ်သို့ ပို့ဆောင်လေ့ရှိပြီး ယခု စစ်မှုထမ်းအပတ်စဥ်ခြောက်ကို သင်တန်းပေးလျက်ရှိကြောင်း သိရသည်။
” စစ်မှုထမ်းအပတ်စဥ် နှစ်တုန်းကလည်း လေ့ကျင့်ရေး၁၀မှာ ကျတော့်သူငယ်ချင်းတွေပါ ပါသွားတာ၊ ပါတာကို မိသားစုဝင်တွေကလည်းမပြောရဲကြဘူး။ စစ်မှုထမ်းနေတဲ့ပုံတွေကို MRTVကနေတင်မှ ဟာငါ့သူငယ်ချင်းတွေပါပါတယ်ဟဆိုပြီးဖြစ်ရတာ “ ဟု ကလေးမြို့နယ်ဒေသကာကွယ်ရေးရဲဘော်တစ်ဦးက MPAကိုပြောသည်။
စစ်မှုထမ်းဥပဒေဖြင့် စစ်တပ်အတွင်း တာဝန်ထမ်းဆောင်နေရသူများအနေဖြင့်လည်း အခွင့်အရေးရသည်နှင့် နီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့များနှင့် ချိတ်ဆက်ကာ အမြန်ဆုံးအလင်းဝင်ရန် ၎င်းကတိုက်တွန်းထားသည်။
ပြီးခဲ့သည့် စက်တင်ဘာလအတွင်းကလည်း မော်လိုက်မြို့မှ လူငယ်အများအပြားကို စစ်ကောင်စီက ပေါ်တာဆွဲ၍ စစ်မှုထမ်းရန် ကလေးမြို့၊ လေ့ကျင့်ရေး(၁၀)တပ်အတွင်းသို့ ပို့ဆောင်ခဲ့သေးကြောင်း မော်လိုက်ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
စစ်ကောင်စီသည် ၂၀၁၀ ခုနှစ်၊ နိုဝင်ဘာ၄ရက်နေ့တွင်ရေးဆွဲခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ခု၊ ဖေဖော်ဝါရီ ၁၀ရက်နေ့တွင် အတည်ပြုပြဌာန်းခဲ့ခြင်းဖြစ်ပြီး ဥပဒေအရ အသက်၁၈မှ ၃၅နှစ်အတွင်းအမျိုးသားများနှင့် အသက်၁၈မှ ၂၇နှစ်အတွင်း အမျိုးသမီးများ စစ်မှုထမ်းရန် ပါဝင်သည်။