By Nway / MPA
စစ်အာဏာရှင်ကို ခုခံတော်လှန်နေသည့် အမျိုးသမီးများ၏ ရဲစွမ်းသတ္တိနှင့် ကိုယ်ကျိုးစွန့် အနစ်နာခံမှုအား ဦးညွှတ်ဂုဏ်ပြုကြောင်း သံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလသမဂ္ဂရင်ပြင်၌ ပြောကြားလိုက်သည်။
စစ်တပ်သည် အမျိုးသမီးများကို စနစ်တကျ ပစ်မှတ်ထားကာ လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုကို စစ်လက်နက်တစ်ခုသဖွယ်နှင့် ခြိမ်းခြောက်ရန်အတွက် အသုံးပြုလျက်ရှိသော်လည်း အမျိုးသမီးလူ့အခွင့်အရေးကာကွယ်သူများက စစ်တပ်အား ခုခံတော်လှန်ရန်၊ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ် ထူထောင်ရန် ရှေ့တန်းမှ ပါဝင်လျက်ရှိကြောင်း အောက်တိုဘာ၁၆ရက်က ကျင်းပသည့် ကုလသမဂ္ဂအစည်းအဝေးတစ်ရပ်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းက မိန့်ခွန်းပြောကြားရာ၌ ထည့်သွင်း ပြောကြားခဲ့သည်။
” အခုနောက်ပိုင်းမှာ အမျိုးသမီးတွေအနေနဲ့ စစ်မြေပြင်အထိမှာပါ ပါဝင်တိုက်ခိုက်နေတာတွေ များပြားလာပြီ။ အစပိုင်းက ရှိပေမဲ့ နည်းပါးတယ်။ တော်လှန်ရေးမှာ အမျိုးသမီးတွေလည်း အမျိုးသမီးတွေအလျောက် ကျရာကဏ္ဍမှာ ကြိုးစားပါဝင်နေပါတယ် ” ဟု Myaung Drone Force – MDF အဖွဲ့ ဝာာဝန်ရှိသူ ကျားခင်စိန်က MPA ကို ပြောသည်။
အမျိုးသမီးများသည် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပြသမှု၊ အကြမ်းမဖက် အာဏာဖီဆန်ရေး စသည့် ဒီမိုကရေစီ လှုပ်ရှားမှုများတွင်သာမက အမျိုးသားညီညွတ်ရေးအစိုးရနှင့် အခြားသော ကဏ္ဍများ၏ အဓိကခေါင်းဆောင်မှုနေရာများ၌ ပါဝင်ကာ ယခင်ကထက် ပို၍ ဦးဆောင်မှု အခန်းကဏ္ဍများကို တာဝန်ယူလာခဲ့ကြောင်း ဦးကျော်မိုးထွန်းကပြောသည်။
မြေပြင်ရှိ အရပ်ဘက်လူမှုအဖွဲ့များနှင့် အမျိုးသမီး လူ့အခွင့်အရေး ကာကွယ်သူ အများစုအနေဖြင့် လုံခြုံရေးစိန်ခေါ်မှုများ ရှိနေသော်လည်း အချက်အလက် ရယူစုဆောင်းခြင်း၊ စစ်တပ်က ပဋိပက္ခဖြစ်ပွားသည့်နေရာများတွင် ကျူးလွန်သည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ အပါအဝင် ရက်စက်ကြမ်းကြုတ်မှုများကို တင်ပြခြင်း စသည့် လုပ်ငန်းများ၌ ပါဝင်လျက်ရှိသည်ဟုလည်း ဆိုသည်။
မြန်မာနိုင်ငံရှိ အမျိုးသမီးများနှင့် မိန်းကလေးငယ်များကို ၎င်းတို့၏ အခွင့်အရေးအား အပြည့်အဝ အကာအကွယ်ပေး၍ ၎င်းတို့၏ စွမ်းဆောင်ရည်အား အသိအမှတ်ပြု သည့် အနာဂတ်ကို မျှော်မှန်းနိုင်သည့် တူညီသော အခွင့်အရေး ကမ္ဘာကြီးနှင့်အတူ ခံစားခွင့်ရသင့်ကြောင်းလည်း သံအမတ်ကြီးက ပြောကြားခဲ့သည်။