By Sayar Ngaat/MPA
ကားခများမြင့်တက်နေသည့်အတွက် နယ်အကျဉ်းထောင်များ၌ အကျဉ်းကျနေသည့် နိုင်ငံရေးအကျဉ်းသားများကို ထောင်ဝင်စာပို့ရန်အခက်အခဲဖြစ်နေကြောင်း စုံစမ်းသိရသည်။
စစ်ကောင်စီတပ်က စစ်ဆေးရေးဂိတ်များတွင် ဖမ်းဆီးမှုများ၊ ငွေတောင်းခြင်းများ ပြုလုပ်နေသဖြင့် ၂၀၂၄ခုနှစ် ဩဂုတ်လမှ စတင်ကာ ပုံမှန်သွားနေကျ လမ်းများကို အသုံးမပြုဘဲ အခြားလမ်းများမှ သွားနေရသဖြင့် ကားခနှစ်ဆ ပိုမိုကုန်ကျနေကြောင်း မြင်းခြံအကျဉ်းထောင်သို့ ထောင်ဝင်စာပို့နေသည့် နိုင်ကျဉ်းမိသားစုဝင်များက ပြောသည်။
” ပုံမှန် တံတားဦးဘက်က သွားတယ်။ ကားခလည်း သက်သာတယ်။ ဒါပေမဲ့ စစ်ဆေးရေးဂိတ်က ငွေညှစ်တာတွေ လုပ်တော့ ဘယ်သူမှ မသွားရဲတော့ဘူးတခြားလမ်းက သွားရတယ်။ ကွေ့ပတ်ပြီး သွားရတော့ လမ်းစရိတ်ကလည်း အများကြီး ပိုကုန်တယ်” ဟု မြင်းခြံထောင်သို့ ထောင်ဝင်စာ ပို့နေသည့် နိုင်ကျဉ်းမိသားစုဝင်တစ်ဦးက ပြောသည်။
ယခင်က မြင်းခြံအကျဉ်းထောင်ကို မန္တလေးမြို့မှ တိုက်ရိုက် သွားရာတွင် ကားခ သုံးသောင်းဝန်းကျင်သာ ကုန်ကျသော်လည်း လက်ရှိတွင် မန္တလေးမြို့မှတဆင့် အခြားမြို့များသို့ ကွေ့ပတ်သွားရသဖြင့် ကားခ ခုနစ်သောင်းကျော် ကုန်ကျနေကြောင်း ၎င်းက ဆက်ပြောသည်။
မြင်းခြံအကျဉ်းထောင်သို့ သွားရာလမ်းရှိ တံတားဦးဂိတ်၊ ဂွေးကုန်းဂိတ်၊ နဘူးအိုင်ဂိတ်၊ ကုတ်ကဲဂိတ် စသည့် စစ်ကောင်စီတပ်၏ စစ်ဆေးဂိတ်များမှ စစ်ဆေးမှုများကို နိုင်ကျဉ်းမိသားစုများက စိုးရိမ်နေရသဖြင့် ယင်းဂိတ်များကို ကွေ့သွားရသောကြောင့် ကုန်ကျစရိတ်များ ပိုမိုများပြားနေခြင်းလည်းဖြစ်သည်။
” စစ်ဆေးရေးဂိတ်တွေမှာက ငွေတောင်းတာက ဓားပြတိုက်သလိုကို တောင်းနေတာ၊ ငွေတောင်းပြီး မထင်ရင် မထင်သလို ဖမ်းတာတွေလည်း လုပ်နေလို့ မသွားရဲကြတာ၊ နဘူးအိုင်နဲ့ မြင်းခြံကြားက ကုတ်ကဲဂိတ်က အဆိုးဆုံးပဲ ” ဟု မြင်းခြံထောင်သို့ လစဉ် ထောင်ဝင်စာပို့နေသူတစ်ဦးက ပြောသည်။
အလားတူ အင်းစိန်ထောင်မှ ကျိုက်မရောထောင်၊ ဒိုက်ဦးထောင်၊ သာယာဝတီထောင်၊ သရက်ထောင်၊ အိုးဘို ထောင်များသို့ ထောင်ပြောင်းရွှေ့ခံရသည့် နိုင်ကျဉ်းများကို မိသားစုဝင်များက ထောင်ဝင်စာပါဆယ်ပို့ရာ၌ ကားခများ နှစ်ဆ ကုန်ကျနေကြောင်း သိရသည်။
” ကျမတို့ နိုင်ငံရေးအကျဉ်းသူတွေအတွက် ထောင်ဝင်စာပို့တဲ့အခါမှာ မိသားစုဝင်တွေက ခက်ခက်ခဲခဲနဲ့ ပို့ဆောင်နေရပါတယ်။ အင်းစိန်ထောင်ကနေ ပြောင်းရွှေ့ခံလိုက်ရတဲ့ နိုင်ကျဥ်းတွေရဲ့ မိသားစုဝင်တွေဆိုရင် ခရီးစရိတ် နှစ်ဆလောက် ကုန်ကျပြီးတော့မှ ပို့ရတာမျိုး၊ သွားတွေ့ရတာမျိုးတွေ ဖြစ်နေပါတယ် ” ဟု နိုင်ငံရေးအကျဉ်းသူများအဖွဲ့မှ မဇူးဇူးမေယွန်းက ပြောသည်
ထို့ပြင် စစ်ကိုင်းတိုင်း၊ ရွှေဘိုအကျဉ်းထောင်တွင်လည်း နိုင်ငံရေးအကျဉ်းသားများကို ၂၀၂၄ခုနှစ်၊ ဇွန်လ နှစ်ရက်မှ စတင်ကာ မိသားစုဝင်များနှင့် ထောင်ဝင်စာ ဧည့်တွေ့ခွင့်မပေးကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်က အောက်တိုဘာလ ရှစ်ရက်တွင် ထုတ်ပြန်ထားသည်။
ယင်းကဲ့သို့ ကန့်သတ်ခြင်းများကို ရွှေဘိုမြို့ရှိ တပ်နယ်မှူး ဗိုလ်မှူးကြီးအောင်အောင်မှ ညွန်ကြားထားခြင်း ဖြစ်ပြီး ၂၀၂၄ခု အောက်တိုဘာလ ခုနှစ်ရက်တွင် အခြားရာဇဝတ်မှုအကျဉ်းသားများကို မိသားစုဝင်များနှင့် ဧည့်တွေ့ခွင့်ပြုခဲ့သော်လည်း နိုင်ငံရေးအကျဉ်းသားမိသားစုဝင်များသည် ဧည့်တွေ့ခွင့် မရကြသေးဘဲ ခွဲခြားဆက်ဆံခံနေကြရ ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ကောင်စီတပ်သည် အကျဉ်းထောင်များအတွင်း ထောင်ဝင်စာ ဧည့်တွေ့ခွင့်ကို ၂၀၂၃ခုနှစ် အောက်တိုဘာလ၌ ခွင့်ပြုခဲ့သည်ဟုဆိုသော်လည်း ရွှေဘိုအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားများသည် မိသားစုဝင်များနှင့် တွေ့ခွင့် မရရှိကြသေးပေ။
မြန်မာနိုင်ငံ နေရာအနှံ့အပြားရှိ အကျဉ်းထောင်များတွင် မိသားစုဝင်များက ပေးပို့သည့် ထောင်ဝင်စာ ဆေးဝါးများကို ကန့်သတ်ပိတ်ပင်ခြင်း၊ ထောင်တွင်း ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာ မရရှိခြင်း၊ အရေးပေါ် လူနာများကို အချိန်နှင့် တပြေးညီ ထောင်ပြင်ပဆေးရုံများသို့ ဆေးဝါးကုသခွင့်မရခြင်းတို့ကြောင့် နိုင်ငံရေး အကျဉ်းသား ၁၃ ဦးသေဆုံးခဲ့ရကြောင်း သိရသည်။
၂၀၂၄ ခုနှစ်ဇန်နဝါရီလ တစ်ရက်မှ ၂၀၂၄ခုနှစ်၊ အောက်တိုဘာ ခုနှစ်ရက်အထိ နိုင်ငံရေးအကျဉ်းသား ၁၁ဦး၊နိုင်ငံရေးအကျဉ်းသူ နှစ်ဦး၊ သေဆုံးခဲ့ရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်၏ စာရင်းများအရ သိရသည်။
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ တစ်ရက်မှ ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ ၁၂ရက်အထိ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၇၅၄၁ ဦးရှိကာ၊ လက်ရှိချိန်ထိ အကျဉ်းထောင်များ၌ ဖမ်းဆီးခံထားရသူ ၂၁၀၄၄ ဦးရှိပြီး ၎င်းတို့အနက် ၉၅၀၆ ဦးသည် ထောင်ဒဏ်များ ချမှတ်ခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း-AAPP စာရင်းများအရ သိရသည်။