By Ra Wai / MPA
မြန်မာပြည်သူများသည် ဘဝဖွံ့ဖြိုးတိုးတက်မှုထက် နေ့စဉ်အသက်ရှင်သန်မှုအပေါ်သာ အာရုံစိုက်နေကြရကြောင်း သံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလသမဂ္ဂအစည်းအဝေးတွင် ပြောကြားလိုက်သည်။
စစ်ကောင်စီတပ်၏ ဥပဒေမဲ့ အဓမ္မ စစ်မှုထမ်းခိုင်းစေခြင်းများ ကြောင့် ပုဂ္ဂလိကကဏ္ဍများတွင် လုပ်ကိုင်နေသူများ အပါအဝင် လူငယ်အများအပြားသည် နိုင်ငံအတွင်း ပုန်းအောင်း နေကြရပြီး အချို့မှာ ပြည်ပနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ယိုယွင်းလာသော စီးပွားရေးအခြေအနေ၊ ငွေကြေးဖောင်းပွမှု၊ စားသောက်ကုန်ဈေးနှုန်းများ မြင့်တက်လာမှု၊ နေရပ်စွန့်ခွာမှုနှင့် အိုးမဲ့အိမ်မဲ့ဖြစ်မှု တိုးပွားလာခြင်းတို့က အသက်ရှင်သန်မှုအ တွက် စိန်ခေါ်မှုဖြစ်လာကြောင်း အောက်တိုဘာလ ၁၀ ရက်၊ကုလသမဂ္ဂအစည်းအဝေးတစ်ခုတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တက်ရောက်မိန့်ခွန်းပြောကြားရာ၌ ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“စစ်ကောင်စီနဲ့သူတို့နဲ့ ပတ်သက်တဲ့ လက်တစ်ဆုပ်စာအသိုင်းအဝိုင်းကလွဲရင် မြန်မာပြည်သူအား လုံး ဟာ ဒီခေတ်ဆိုးကြီးထဲကနေ မသေဘဲ မငတ်ဘဲ လွတ်မြောက်ဖို့ဆိုတာ နံပါတ်တစ်စဉ်းစားချက်ပဲ။မ နက်ဖြန်ဘာနဲ့စားရမလဲဆိုတာ မသိဘဲ ညအိပ်ရာဝင်သွားရတဲ့ပြည်သူတွေ ကျတော်တို့ စစ်ကိုင်းတိုင်း ထဲမှာ လက်ညှိုးထိုးမလွဲ သိပ်များနေပါပြီ။အကြမ်းဖက်စစ်အုပ်စုပြုတ်မှသာ ဝဋ်ကျွတ်မယ်လို့ သာမန် ပြည်သူတွေကိုယ်တိုင် သူတို့ဘဝပေးအသိအရ သိနေကြတော့ မရမကတောင့်ခံနေကြတယ်။တော် လှန်ရေးကို ကိုယ့်ဘဝကိုယ်မေ့ပြီး ကြိတ်မှိတ်အားပေးနေကြ တယ်” ဟု မုံရွာအခြေစိုက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက MPAသို့ပြောသည်။
စစ် အာဏာသိမ်းပြီးနောက် တစ်နှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၄၂ ရာခိုင်နှုန်း ကျဆင်းခဲ့ကာ UNDP ၏ အစီရင်ခံစာအရ ၂၀၂၃ ခုနှစ်တွင် မြန်မာနိုင်ငံလူဦးရေ၏ ထက်ဝက်နီးပါးသည် ဆင်းရဲမွဲတေမှု မျဉ်းအောက်၌ နေထိုင်ရကြောင်း၊ နိုင်ငံ့စီးပွားရေး၏ အဓိကအင်အားဖြစ်သော လူလတ်တန်းစားများ ပျောက်ကွယ်နေပြီး လူတန်းစားမညီမျှမှုများ မြင့်မားလာနေကြောင်းလည်း သံအမတ်ကြီးက ပြောသည်။
တရားဥပဒေစိုးမိုးမှု လုံးဝမရှိခြင်းနှင့် အကျင့်ပျက်ခြစားမှုများ များပြားနေခြင်းသည် နိုင်ငံ ဖြတ်ကျော် ရာဇ၀တ်မှုများ၊ အွန်လိုင်း လိမ်လည်မှု၊ လူကုန်ကူးမှု နှင့် တရားမဝင် မူးယစ်ဆေးဝါးရောင်းဝယ်မှုများ အပါအဝင် တရားမဝင် စီးပွားရေး အများအပြားအပေါ် ထပ်လောင်း အကျိုးသက်ရောက်ပြီး အခြေအနေ ပိုမိုဆိုးရွား စေကြောင်း၊ UNCTAD ၏ အဆိုအရ မူးယစ်ဆေးဝါး တင်ပို့မှု တစ်ခုတည်းမှ ဖြစ်ပေါ် လာသော တရားမဝင် ငွေကြေးစီးဆင်းမှုများသည် ပြည်တွင်း၌ အမေရိကန်ဒေါ်လာ ၁,၃၄၇ သန်း အထိရှိနေ ကြောင်း၊ ယခုဖြစ်စဉ်များသည် ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် သာယာဝပြောရေးကို ထိခိုက်သည့် အန္တရာယ်များဖြစ်သည်မှာ အလွန်ရှင်းလင်းကြောင်းလည်း ဆိုသည်။
ထို့ကြောင့် တရားမဝင် ငွေကြေးစီးဆင်းမှု၊ အကျင့်ပျက်ခြစားမှု၊ ငွေကြေးခဝါချမှုနှင့် အခွန် တိမ်းရှောင်မှုတို့ကို တားဆီးကာကွယ်ရန်နှင့် တိုက်ဖျက်ရန် ကြိုးပမ်းအားထုတ်မှုများ အားကောင်း စေရေးအတွက် နိုင်ငံတကာအသိုက်အဝန်း၏ကူညီပံ့ပိုးမှု အရေးတကြီး လိုအပ်ကြောင်း သံအမတ်ကြီးက ဆိုသည်။
ထို့အပြင် အတုအယောင် ရွေးကောက်ပွဲ ကျင်းပရန် စစ်တပ်၏ ကြိုးပမ်းမှုမှန်သမျှကို မြန်မာပြည်သူများက ပြတ်ပြတ်သားသား ကန့်ကွက်နေသလို နိုင်ငံတကာအသိုက်အဝန်း က လည်း အလားတူ လုပ်ဆောင်သင့်ကြောင်းလည်း ပြောကြားခဲ့သည်။