By Blackpanda / MPA
PDFများ လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ကာ ပါတီနိုင်ငံရေးအပါအဝင် ရွေးကောက်ပွဲဝင်ရန် ဖိတ်ခေါ်ပြီးနောက် မြန်မာ့နိုင်ငံရေးတိုးတက်နေသည်ဟု စစ်ကောင်စီက ကုလသမဂ္ဂအဖွဲ့အစည်းများထံ ပြောကြားမှုသည် ယုတ္တိတန်မှုမရှိကြောင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူများက ပြောသည်။
၂၀၂၄ခုနှစ်၊ အောက်တိုဘာ ရှစ်ရက်က စစ်ကောင်စီ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူး/ လူသားချင်းစာနာမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးနှင့် ကုလသမဂ္ဂအေဂျင်စီများမှ ကိုယ်စားလှယ်များနှင့် နေပြည်တော်တွင် တွေ့ဆုံစဉ် မြန်မာနိုင်ငံရေးတိုးတက်မှု အခြေအနေများနှင့် ပတ်သက်ပြီး ယခုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
” ဒီလိုပြောလိုက်တာက စစ်ခေါင်းဆောင်ကို နိုင်ငံတကာ အသိအမှတ်ပြုအောင် ကြိုးစားနေပါတယ်ဆိုတာကို ပြချင်တာဖြစ်မယ်။ နောက်တစ်ခုက စကစကို ထောက်ခံနေတဲ့ အုပ်စုများနဲ့ တပ်အသိုင်းကို ငါတို့ နိုင်ငံရေးလမ်းကြောင်း အပီအပြင်သွားနေပြီ၊ နိုင်ငံရေးအရ ထောက်ခံမှုရရှိအောင် ဒီလိုတွေဆောင်ရွက်နေတယ်ဆိုတာမျိုး အားပေးတဲ့သဘော၊ စိတ်ဓာတ်မြှင့်တင်ရေး လုပ်တဲ့ အကွက်မျိုးသာဖြစ်တယ် ” ဟု ရန်ကုန်လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)အဖွဲ့ဝင် ဦးတင့်လွင်ကပြောသည်။
ထို့ပြင် စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ PDF အဖွဲ့များ လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး ပါတီနိုင်ငံရေးနှင့် ရွေးကောက်ပွဲ လမ်းကြောင်းကို လျှောက်လှမ်း၍ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် ဖိတ်ခေါ်မှုကို အခွင့်အရေးလိုချင်သူများသာ လက်ခံမည်ဖြစ်ကြောင်း အင်းစိန် အောင်စိုးက ဆိုသည်။
“ အဓိပ္ပာယ်မရှိတဲ့ စကားလုံးပဲ၊ အရူးတွေ၊ အခွင့်အရေးသမားတွေသာ အချောင်နှိုက်ဖို့ လက်ခံလိမ့်မယ်။ စစ်မှန်တဲ့ တော်လှန်ရေးသမားမှန်သမျှ လုံး၀လက်ခံမှာ မဟုတ်ဘူး။ စစ်ကောင်စီလုပ်မဲ့ ရွေးကောက်ပွဲလဲ မအောင်မြင်နိုင်ပါဘူး ” ဟု အင်းစိန်အောင်စိုးက ပြောသည်။
လက်ရှိ စစ်ကောင်စီက ဆောင်ရွက်နေသည့် သန်းခေါင်စာရင်းကောက်ခံမှုသည် နိုင်ငံတကာ အသိအမှတ်ရရှိရန် ဆောင်ရွက်နေခြင်းဖြစ်သော်လည်း စနစ်တကျမရှိဘဲ ဖြစ်သလို ကောက်ခံနေခြင်းကြောင့် မည်သည့် အသိအမှတ်ပြုမှုမှ ရရှိမည်မဟုတ်ကြောင်း ဦးတင့်လွင်က သုံးသပ်သည်။
“ ရွေးကောက်ပွဲကိုလည်း သန်းခေါင်စာရင်းကောက်သလို ဖြစ်သလိုလုပ်မှာဘဲ၊ သန်းခေါင်စာရင်းကို တစ်အိမ်ရ တစ်အိမ်ကောက်တယ်။ တစ်ရပ်ကွက်ရ တစ်ရပ်ကွက်ကောက်တယ်။ ရွေးကောက်ပွဲကိုလည်း ဒီလိုပဲလုပ်မှာ၊ တရားဝင် ဘောင်ဝင်အောင် သန်းခေါင်စာရင်းကောက်တယ်။ ရွေးကောက်ပွဲလုပ်ပါတယ်။ တရားဝင်အစိုးရ ရွေးကောက်တင်မြှောက်ပါတယ်ဆိုတာကို သူကလုပ်ချင်တာ၊ နိုင်ငံတကာ အသိအမှတ်ပြုမှု လိုချင်တာလေ၊ ဒါက ဘယ်လိုဖြစ်နိုင်မှာလည်း “ ဟု ဦးတင့်လွင် က ပြောသည်။
ဆက်လက်ပြီး စစ်ကောင်စီ၏ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဦးသန်းဆွေ၏ ပြောကြားချက်များသည် လက်တွေ့နှင့် ကိုက်ညီမှုမရှိသည့်အပြင် တော်လှန်ရေးတပ်ဖွဲ့များကလည်း ထောက်ခံမည်မဟုတ်ကြောင်း PDF ထောက်ပို့အဖြစ် ဆောင်ရွက်နေသည့် မဖူးငယ်က ပြောသည်။
“ အရူးပြောတာ၊ အပေါတွေပဲယုံမယ်။ ဘာတိုးတက်မှာလဲ ပြာပုံဖြစ်နေတာ လက်တွေ့လေ “ ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီသည် ၎င်းတို့ အာဏာတည်မြဲရေးအတွက် လုပ်ဆောင်ချက်များသည် အာဏာရူးသည့် အဆင့်ကိုပင်ကျော်လွန်နေကြောင်း တော်လှန်ရေး ရဲဘော်တစ်ဦးက ဆိုသည်။
လက်ရှိတွင်လည်း စစ်ကောင်စီက ပြုလုပ်မည့် ရွေးကောက်ပွဲအတွက် မဲစာရင်းအခြေခံ လုပ်ငန်းတစ်ခုဖြစ်သည့် သန်းခေါင်စာရင်းကောက်ယူမှုကို အောက်တိုဘာ တစ်ရက်မှ ၁၅ရက်နေ့အထိ ကောက်ယူခြင်းများလုပ်ဆောင်နေသော်လည်း တိုက်ပွဲဖြစ်ပွားသည့်နေရာများနှင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်သည့် နေရာများတွင် ကောက်ယူနိုင်ခြင်းမရှိသောကြောင့် တိကျမှန်ကန်မှုရှိသည့် သန်းခေါင်စာရင်း မဖြစ်နိုင်ကြောင်း ထောက်ပြမှုများလည်းရှိနေသည်။
ထိုကဲ့သို့ နိုင်ငံတကာ အသိအမှတ်ပြုနိုင်ရေးအတွက် စစ်ကောင်စီက ဆောင်ရွက်ရာတွင်လည်း တရုတ်နိုင်ငံ၏ အထောက်အပံ့များ ပါဝင်နေပြီး လက်ရှိ အာဆီယံအစည်းအဝေးများ၌ စစ်ကောင်စီက ဦးဆောင်ဆွေးနွေးမှုများလည်း ရှိနေကြောင်း လွတ်လပ်သည့် သတင်းဌာနများတွင် ဖော်ပြထားသည်။

