By Nway / MPA
မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်သည် မြန်မာ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကို လမ်းညွှန်ပေးခဲ့သည့် လူ့အခွင့်အရေးအား အထူး အလေးအနက်ထား ခုခံကာကွယ်ခဲ့သူဖြစ် ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံရုံးက ယနေ့ ( အောက်တိုဘာ ၇ရက် ) ထုတ်ပြန် လိုက်သည်။
ယနေ့ ( အောက်တိုဘာ ၇ရက် ) နံနက်ပိုင်းတွင် ကွယ်လွန်သွားခဲ့သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် သည် ၁၉၈၈ ခုနှစ်မှ ၂၀၀၉ ခုနှစ် အတွင်း ထောင်ဒဏ် ၁၉ နှစ် ကျခံခဲ့ရသူဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ တစ်ရက်၊ စစ်တပ်ကအာဏာသိမ်းမှုအပြီး စစ်ကောင်စီက မမှန်ကန်သည့် နိုင်ငံရေးစွဲချက်များဖြင့် ထပ်မံဖမ်းဆီးခြင်းကို ခံခဲ့ရကြောင်း နှစ်ပေါင်းများစွာ ထောင်ဒဏ်ကျခံခဲ့ရပြီး လုံလောက်သည့် ဆေးကုသမှုကို မရရှိခဲ့ဘဲ ပြင်းထန်သော နာမကျန်းမှုဖြင့် ရုန်းကန်ခဲ့ရသည့် ၎င်း၏ အကျဥ်းစံအခြေအနေသည် လွန်စွာ လူမဆန် ၊ အဆင့်နိမ့်စွာ နေခဲ့ရကြောင်း ၎င်း မကွယ်လွန်မီ နာရီပိုင်းအလိုတွင်မှ စစ်ကောင်စီက လွတ်ငြိမ်းသက်သာခွင့် ပေးအပ်ခဲ့ခြင်းသည် စစ်မှန်သော သနားကြင်နာမှု မဟုတ်ကြောင်း အီးယူသံရုံးကဆိုသည်။
“ဆရာဟာ ဆေးကုသခွင့် လုံလောက်စွာမရတဲ့ ထောင်ထဲမှာ ရောဂါဝေဒနာခံစားနေရပေမဲ့လည်း သေတဲ့အချိန်ထိ စစ်အာဏာရှင်တွေကို တိုက်ခဲ့တယ်။ဒါဟာ ဆရာ့ရဲ့အရေးကြီးတဲ့ သမိုင်းမှတ်တမ်း၊ ကျတော်တို့လူငယ်တွေအတွက် လမ်းညွှန်ချက်ပဲ”ဟု ၂၀၂၀ရွေးကောက်ခံမန္တလေးလွှတ် တော်ကိုယ် စားလှယ်တစ်ဦးက ပြောသည်။
မတရားထောင်ဒဏ် ၂၉နှစ်ချမှတ်ခံထားရသည့် ဒေါက်တာဇော်မြင့်မောင် ကျန်းမာရေးအခြေအနေ ဆိုးရွားကာ အရေးပေါ်ခန်းထဲ၌ သတိလစ်မေ့မြောနေသည့်အချိန်တွင်မှ စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ခြင်းဖြစ်သည်။
ထောင်တွင်းဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာ မရရှိ၍ ကွယ်လွန်ခဲ့သည်ဆိုသည့် သတင်း စကား များ မြန်မာပြည်သူများနှင့် ကမ္ဘာ့ပြည်သူများထံ ပျံ့နှံ့သွားမည်ကို ကြိုတင်ကာကွယ်ရန်အတွက်သာ လွတ်ငြိမ်းသက်သာခွင့်အား မကွယ်လွန်ခင်အချိန်အတွင်း လာရောက်ဖတ်ကြားခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ဆိုသည်။
ဒေါက်တာဇော်မြင့်မောင်သည် ကင်ဆာရောဂါခံစားနေရသော်လည်း ကင်ဆင်ကြောင့်မဟုတ်ဘဲ ပုံမှန်ဆေးကုသခွင့်မရခြင်းကြောင့် ကွယ်လွန်သွားခြင်းဖြစ်ကြောင်း မန္တလေးတိုင်းလွှတ်တော် ကိုယ် စားလှယ်တစ်ဦးကဆိုသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ကလည်း ဒေါက်တာဇော်မြင့်မောင် သည် အကျဉ်းထောင်တွင်း ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရရှိ၍ ကျဆုံးသွားခြင်းဖြစ် သည်ဟု ဆိုသည်။
ဥရောပသမဂ္ဂသည် မြန်မာပြည်သူများနှင့်အတူ ခိုင်မာစွာ ရပ်တည်လျက်ရှိပြီး ငြိမ်းချမ်းရေးနှင့် ပြန်လည် သင့်မြတ်ရေးတို့အတွက် မရှိမဖြစ် လိုအပ်ချက်များဖြစ်သည့် မတရားဖမ်းဆီး ထိန်းသိမ်းထားခြင်းခံရများအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရန်နှင့် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိရန် တောင်းဆိုကြောင်းလည်း ဖော်ပြထားသည်။