By Ra Wai / MPA
ဒေါက်တာဇော်မြင့်မောင်သည် မြန်မာပြည်သူတို့၏ရင်ထဲတွင် အတုယူ၊မော်ကွန်းတင်စရာ နိုင်ငံရေး ကောင်းတစ်ဦးအဖြစ် ကမ္ဘာတည်သ၍ တည်ရှိနေမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ထုတ်ပြန်လိုက်သည်။
ဒေါက်တာဇော်မြင့်မောင်ကွယ်လွန်ခြင်းနှင့်ပတ်သက်ပြီး NUGအစိုးရက ယနေ့(အောက်တိုဘာခုနှစ်ရက်)တွင် အထူးဝမ်းနည်ကြေကွဲကြောင်း သဝဏ်လွှာထုတ်ပြန်ရာ၌ ယင်းသို့ ဖော်ပြထားသည်။
“ကျတော်တို့ လူငယ်တွေ တာဝန် ထမ်းဆောင်နေစဥ်အချိန်က ဒေါက်တာဇော်မြင့်မောင် ပြောခဲ့တဲ့စကားတစ်ခွန်းကို အမှတ်ရပါတယ်။ငါတို့တွေက မင်းတို့လူငယ်တွေကို တာဝန်လွှဲပေး ရမှာတဲ့။ဟုတ်ကဲ့. . . မပြီးသေးတဲ့ တာဝန်တွေကို ကျွန်တော်တို့ဆက်ထမ်းပါ့မယ်”ဟု ၂၀၂၀ရွေးကောက်ခံ မန္တလေးလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက MPAသို့ ပြောသည်။
ဒေါက်တာဇော်မြင့်မောင်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်ဖွဲ့စည်းတည်ထောင်သည့်ကာလမှစ၍ ကွယ်လွန်ချိန် အထိ ဒီမိုကရေစီရေးလှုပ်ရှားမှု ခရီးလမ်းတစ်လျှောက် တစိုက်မတ်မတ် ဦးဆောင်ပါဝင်ခဲ့မှုကြောင့် စစ်အာဏာရှင်အဆက်ဆက်၏ ဖမ်းဆီးအကျဉ်းချခြင်းကို ခံခဲ့ရသည့်အပြင် ၂၀၂၁ခုနှစ် အာဏာသိမ်း ဖြစ်စဉ်တွင်လည်း မတရားသည့် ပုဒ်မအမျိုးမျိုးတပ်၍ နှစ်ရှည်ထောင်ဒဏ်၂၉နှစ်အထိ ချမှတ်ခြင်း ခံခဲ့ရကြောင်း ဒေါက်တာဇော်မြင့်အောင် ကင်ဆာရောဂါခံစားနေမှန်း သိလျက်နှင့် ရောဂါအခြေအနေနှင့် ကိုက်ညီသော လုံလောက် သည့် ကျန်းမာရေးစောင့်ရှောက်မှုများမရရှိဘဲ အကျဉ်းထောင်အတွင်း ပြင်းထန်စွာထိခိုက်ခံစားခဲ့ရပြီး ကွယ်လွန်သွားခဲ့ရသော နိုင်ငံ ရေးသမားကောင်းတစ်ဦး ဖြစ်ကြောင်း NUGအစိုးရက ထုတ်ပြန်ထားသည်။
ဒေါက်တာဇော်မြင့်အောင်သည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှ စပြီး လေးကြိမ်တိုင်တိုင် အနိုင်ရရှိခဲ့သည့် ပြည်သူ့ကိုယ်စားလှယ်ကောင်းတစ်ဦးဖြစ်ကြောင်း NLDအစိုးရလက်ထက် မန္တလေးတိုင်း တိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ချိန်တွင် လည်း မန္တလေးတိုင်းနှင့် မန္တလေးမြို့တော်နေ ပြည်သူတစ်ယောက်ချင်း၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေးအတွက် တာဝန်ကျေပွန်အောင် ထမ်းဆောင်ခဲ့သည့် ပြည်သူ့ကိုယ်စားပြု ဝန်ကြီးချုပ် ကောင်းတစ်ဦးလည်း ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
NUGအစိုးရအနေဖြင့် ဒေါက်တာဇော်မြင့်မောင် မျှော်မှန်းခဲ့သည့်အတိုင်း ပြည်သူ့နွေဦးတော်လှန်ရေးကို အမြန်ဆုံးပြီးမြောက်အောင်မြင်သည်အထိ မမှိတ်မသုန် ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဟု လေးနက်တည်ကြည်စွာဖြင့် ထပ်လောင်း၍ ကတိ သစ္စာပြုအပ်ကြောင်းလည်း ဆိုသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ဒုဥက္ကဌ၊မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်သည် ယနေ့(အောက်တိုဘာ၇ရက်)နံနက် သုံးနာရီခန့်တွင် မန္တလေးပြည်သူ့ ဆေးရုံကြီး၌ ကွယ်လွန်သွားပြီး အောက်တိုဘာရှစ်ရက်၊နံနက်၁၀နာရီတွင် မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်၊ကျွဲဆည်ကန်နေအိမ်မှ တောင်အင်းမြောက်အင်းသုဿန် သို့ ပို့ဆောင်မီးသင်္ဂြိုဟ်မည်ဖြစ်ကြောင်း သိရသည်။