အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ဒုဥက္ကဌ၊မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်သည် ယနေ့(အောက်တိုဘာ၇ရက်)နံနက် သုံးနာရီခန့်တွင် မန္တလေးပြည်သူ့ ဆေးရုံ၌ ကွယ်လွန်သွားကြောင်း သိရသည်။
ကင်ဆာရောဂါ ခံစားနေရသော ဒေါက်တာဇော်မြင့်မောင်သည် ပုံမှန်ဆေးကုသခွင့် မရခြင်းကြောင့် ကွယ်လွန်သွားခြင်းဖြစ်ကြောင်း တော်လှန်ရေးနယ်မြေထဲရှိ မန္တလေးတိုင်း လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ပြောသည်။
“ကင်ဆာဖြစ်နေပေမဲ့ ပုံမှန်ဆေးကုသခွင့်မရတဲ့အတွက် အခုဆရာဆုံးတာက ကင်ဆာကြောင့် မဟုတ်ဘူး။အဖျားကြီးတယ်။အသက်ရှူကျပ်တယ်။အဲဒီလိုမျိုးတွေ ဖြစ်တဲ့အတွက် ဒီလတစ်ရက်နေ့ထင်တယ်။ကင်ဆာဆေးသွင်းဖို့တောင် မသွင်းနိုင်ခဲ့ဘူး”ဟု ၎င်းက MPAသို့ ပြောသည်။
ဒေါက်တာဇော်မြင့်မောင်၏ ရုပ်အလောင်းကို မန္တလေးမြို့၊ကျွဲဆည်ကန်ရှိ မိသားစုများနေအိမ်သို့ ပြန်လည်သယ်ဆောင်သွားပြီဖြစ်ပြီး ယင်းအိမ်၌ နာရေးကိစ္စများဆောင်ရွက်ရန် ပြင်ဆင်ထားကြောင်း သိရသည်။
“တိုင်းပြည်နဲ့ပြည်သူအတွက် နောက်ဆုံးအချိန်အထိ ယုံကြည်ရာ ရဲ့ဝံ့စွာ ရပ်တည်ပြသခဲ့တဲ့ နိုင်ငံရေးသမားတယောက်၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့တပည့်တွေအပေါ် ချစ်ခင်၊ယုံကြည်စိတ် အပြည့်နဲ့ ပြောဆိုဆက်ဆံ ရှေ့ဆောင်လမ်းပြနိုင်တဲ့ ခေါင်းဆောင် တယောက် ဆုံးရှုံးလိုက်ရတာ ဘာနဲ့မှအစားထိုးမရတဲ့ ဆုံးရှုံး နစ်နာမှု ကြီးပါ”ဟု ၎င်းက ဆက်လက်ပြောသည်။
ဒေါက်တာဇော်မြင့်မောင်ကွယ်လွန်ချိန်တွင် အသက်၇၂နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။
စစ်တပ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီ တစ်ရက်နေ့ကပင် ဒေါက်တာဇော်မြင့်မောင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး အဂတိလိုက်စားမှု၊ အများပြည်သူ အကျိုးစီးပွားပျက်စီးစေမှု၊ သဘာ၀ဘေးအန္တရာယ် ဆိုင်ရာ စီမံဥပဒေ ချိုးဖောက်မှု၊ ရွေးကောက်ပွဲ မဲမသာမှု၊ ရွေးကောက်ပွဲအပေါ် မလျော်ဩဇာသုံးမှုများဖြင့် စစ်ကောင်စီက ထောင်ဒဏ် ၂၉ နှစ်ချမှတ်ခဲ့ခြင်းဖြစ်သည်။
ထိုကဲ့သို့ စစ်တပ်က မတရားဖ မ်းဆီးထောင်ချခဲ့သည့် ဒေါက်တာဇော်မြင့်မောင်သည် သွေးကင်ဆာရောဂါကို ခံစားနေရသူဖြစ်ပြီး ပြီးခဲ့သည့် စက်တင်ဘာလတွင် ရောဂါ အခြေအနေဆိုးရွားလာသည့်တွက် အိုးဘိုအကျဉ်းထောင်မှ မန္တလေးဆေးရုံကြီးသို့ ပြောင်းရွှေ့ကုသမှုခံယူခဲ့ရကာ အောက်တိုဘာ ခုနှစ်ရက်နေ့ နံနက် သုံးနာရီခန့်တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။
ဒေါက်တာဇော်မြင့်မောင်သည် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ အမရပူရမြို့နယ်ကိုယ်စားပြု NLD အမတ်ဖြင့် ရွေးကောက်တင်မြှောက်ခံခဲ့ရပြီး အာဏာမလွှဲပေးသည့် နအဖ စစ်အစိုးရက ၄င်းအား ယင်းနှစ် နို၀င်ဘာတွင် ဖမ်းဆီးကာ ထောင် ၁၉နှစ် မတရားချမှတ်ခဲ့သည်။
ထို့နောက် ၂၀၀၉ခုနှစ် ဖေဖော်ဝါရီတွင် ပြန်လည်လွတ်မြောက်လာခဲ့ပြီး ၂၀၁၂ခုနှစ်တွင် ကြားဖြတ်ရွေးကောက်ပွဲ၌ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ရွေးကောက်ပွဲ၀င်ခဲ့ပြီး ကျောက်ပန်းတောင်း မြို့နယ်ကိုယ်စားပြုပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရသည်။
၂၀၁၅ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ဒေါက်တာဇော်မြင့်မောင်သည် အမရပူရမြို့နယ် ကိုယ်စားပြု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အဖြစ် ရွေးကောက်တင်မြှောက် ခံခဲ့ရပြီး မန္တလေးတိုင်း ဝန်ကြီးချုပ်အဖြစ် တာ၀န်ထမ်းဆောင်ခဲ့သည်။