By Blackpanda/MPA
ပြည်သူများ စစ်ကောင်စီနှင့် ပူးပေါင်းရန် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားမှုသည် ယုတ္တိတန်ခြင်းမရှိကြောင်း တော်လှန်နေသူများက ပြောသည်။
၂၀၂၄ခုနှစ်၊ ဩဂုတ် ၂၄ရက်က BBC သတင်းဌာမှ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းခဲ့သည့် သတင်းတစ်ပုဒ်တွင် ၎င်းက “ ပြည်သူလူထုအနေနဲ့ကတော့ ကျတော်အသိပေးချင်တာက ဒီအဖျက်လုပ်ငန်းတွေကို မြင်ချိန်တန်ပြီ၊ သိချိန်တန်ပြီ၊ ကျတော်တို့ လုံခြုံရေးအဖွဲ့များနဲ့ မြို့ရွာလုံခြုံရေးကို ပူးပေါင်းဆောင်ရွက်ဖို့အချိန်တန်ပြီလို့ ပြောချင်ပါတယ်´´ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။
သို့သော် လက်တွေ့မြေပြင်၌ စစ်ကောင်စီသည် စစ်ရေးပစ်မှတ်၊ အရပ်သားပစ်မှတ်များ ခွဲခြားခြင်းမရှိဘဲ လက်နက်ကြီး ပစ်ခတ်ခြင်း၊ လေကြောင်းအသုံးပြု တိုက်ခိုက်ခြင်းနှင့် ပြည်သူများ၏ နေအိမ်များကို မီးရှို့မှုများပြုလုပ်နေသည်မှာ မျက်မြင်တွေ့ ရှိသည့် ပကတိ အမှန်တစ်ရားတစ်ခုဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် ပူးပေါင်းရန် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောကြားချက်သည် ယုတ္တိမတန်သည့် ကိစ္စဖြစ်သည်ဟု အင်းစိန်အောင်စိုးက ပြောသည်။
“ စစ်တပ်က သူတို့မနိုင်ရင် တစ်တိုင်းပြည်လုံး ဖျက်ဆီးခဲ့မယ်ဆိုတဲ့အတိုင်း အခုတစ်တိုင်းပြည်လုံးကို ဖျက်ဆီးနေပါပြီ၊ ကျတော်တို့ တော်လှန်ရေးသမား အားလုံးကလည်း စစ်တပ်နဲ့ တွေ့ဆုံညှိနှိုင်း ဆွေးနွေးဖို့ ဘယ်သူမှ ဆန္ဒမရှိသလို စစ်တပ်တစ်ခုလုံး အမြစ်ပြတ်ခြေမှုန်းဖို့ သဘောထားတစ်ခုထဲရှိကြပါတယ်။ ဒါက တော်လှန်ရေးသမား အားလုံးရဲ့ သဘောထားပါ၊ ပြည်သူလူထုကလည်း ဒီသဘောထားနဲ့ တစ်ထပ်ထဲရှိတယ်လို့ သိထားပါတယ်” ဟု ၎င်းက ပြောသည်။
ထို့ပြင် နွေဦးတော်လှန်ရေး စတင်ချိန်မှ လက်ရှိအချိန်ထိ လူထုအင်အားပါဝင်မှုသည် လျော့ကျသွားခြင်းမရှိသည့်အပြင် ပြည်သူများက တော်လှန်ရေးအင်အားစုများအပေါ်ထားရှိသည့် သဘောထားကိုလည်း စစ်ကောင်စီက သိရှိခြင်းမရှိသောကြောင့် ဗိုလ်ချုပ်ဇော်မင်းထွန်းအနေဖြင့် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းသာဖြစ်သည်ဟု စာရေးဆရာ ဝေမှူးသွင်က သုံးသပ်သည်။
“ ဇော်မင်းထွန်းရဲ့ အဲ့ဒီ မှတ်ချက်စကားက သူအခြေအနေမှန်ကို မသိတာပေါ့နော်၊ လူထုက တော်လှန်ရေး အင်အားစုတွေ၊ PDF တွေ၊ တိုင်းရင်းသား EROsတွေရဲ့ တော်လှန်ရေးလုပ်ငန်းစဉ်တွေကို အဖျက်လုပ်ငန်းလို့ မမြင်ဘူးဆိုတာကို သူသိရမယ်။ ဒါကို အမှန်တိုင်းမြင်ဖို့ လိုတယ်ပေါ့နော်၊ လူထုက ဒီတော်လှန်ရေးအပေါ်မှာ ဘယ်လောက် ထေက်ခံမှုရှိတယ်ဆိုတာ ဘယ်သူ့မှ ငြင်းလို့မရဘူး။ သက်သေတွေ၊ ဓာတ်ပုံတွေနဲ့ ဗီဒီယို အကုန်လုံးမှတ်တမ်းရှိတယ်” ဟု စားရေးဆရာ ဝေမှူးသွင်က MPAသို့ ပြောသည်။
ယင်းအပြင် စစ်ကောင်စီသည် အဖျက်လုပ်ငန်းများကို ကိုယ်တိုင်လုပ်ဆောင်ပြီး တော်လှန်ရေးသမားများကို အဖျက်လုပ်ငန်း လုပ်ဆောင်နေသည်ဟု ပြန်လည်ပြောကြားမှုသည်လည်း ဟာသတစ်ခုသာဖြစ်ကြောင်း CDM စစ်ဆရာဝန် ဗိုလ်ကြီးတစ်ဦးက ပြောသည်။
“ ရွာတွေကို ပတ်ပြီး မီးရှို့ ၊ လူသတ်နေပြီး အခုမှ တော်လှန်ရေး အင်အားစုတွေကပဲ အဖျက်လုပ်ငန်းတွေ လုပ်နေသလို ပြောတော့ ပြည်သူက ယုံမှာလား၊ ကျတော့်အနေနဲ့ သူ(ဗိုလ်ချုပ်ဇော်မင်းထွန်း) ပြောတဲ့စကားကို ဟာသတစ်ခုလို့ပဲ သတ်မှတ်တယ်။ သူတို့ကို ဘယ်ပြည်သူမှ မပူးပေါင်းဘူး” ဟု ၎င်းက ပြောသည်။
ထို့ပြင် အမျိုးသားညီညွတ်ရေး အစိုးရ-NUG နှင့် တော်လှန်ရေး အင်အားစုများက လမ်းများအားလုံး နေပြည်တော်သို့ ဆိုသည့် စာသားနှင့် ပတ်သက်ပြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက အဖျက်လုပ်ငန်းတစ်ခုသာဖြစ်သည်ဟု BBC ကို ဖြေကြားထားသည်။
စစ်တပ်သည် တိုင်းပြည် အာဏာသိမ်းပြီးချိန်မှ လက်ရှိအချိန်ထိ ပြည်သူများကို ဖိနှိပ်ခြင်းများ ပြုလုပ်နေခြင်းကြောင့် ပြည်သူများအနေဖြင့် အမှား၊ အမှန်ကို သိရှိပြီးသားဖြစ်ကြောင်း တော်လှန်ရေး ရဲဘော်တစ်ဦးက မှတ်ချက်ပြုသည်။
“ ပြည်သူကို ပြည်သူလို့ မသတ်မှတ်တဲ့ သူတွေက အခုမှ မြို့ရွာ လုံခြုံရေးအတွက် ပူးပေါင်းပါဆိုတော့ မင်းတို့(စစ်တပ်) ဟာမင်းတို့ လုံခြုံအောင်နေကြပေါ့၊ သေရဲတဲ့ကောင်ထွက်ခဲ့ဆိုပြီး အခုမှ ပြည်သူကို အားကိုးတတ်နေပြီ၊ ပြည်သူက သိတယ်။ ဘယ်သူကမှန်တယ်။ ဘယ်သူက မှားတယ်ဆိုတာကို” ဟု ၎င်းက ပြောသည်။
ထို့ပြင် ၂၀၂၄ခုနှစ်၊ ဩဂုတ် ၁၆ရက်တွင် စစ်ကောင်စီက ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေး ဗဟိုကြီးကြပ်အဖွဲ့ကို ဖွဲ့စည်းခဲ့ပြီးနောက် အသက် ၃၅နှစ်နှင့် ၆၅နှစ်အရွယ်ရှိ ပြည်သူများအနေဖြင့် စစ်သင်တန်းများ တက်ရောက်ကာ ရပ်ကွက်နှင့် ကျေးရွာ ပြည်သူ့လုံခြုံရေးအဖွဲ့များ၌ ပါဝင်ရမည်ဟု ဖိအားပေးမှုများရှိနေကြောင်း လွတ်လပ်သည့် မီဒီယာများ၌ ဖော်ပြထားသည်။
သို့သော် ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြည်သူများ စစ်သင်တန်းတက်ရောက်ရန် ဆောင်ရွက်နေမှုသည် ရပ်ရွာ ကာကွယ်ရေး ဆောင်ရွက်လိုသည့် ပြည်သူများအတွက် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်ရေးအဖွဲ့ကို ဖွဲ့စည်းရခြင်းဖြစ်သည်ဟု ပြောကြားထားသည်။
လက်ရှိတွင် တော်လှန်ရေးအင်အားစုများသည် စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) အခြေစိုက်သည့် လားရှိုးမြို့ အပါအဝင် မြို့ပေါင်း ၇၇ မြို့ကို သိမ်းပိုက်နိုင်ခဲ့သည်။