By Zwe Ko /MPA
ပဲခူးတိုင်းအနောက်ခြမ်းမြို့နယ်များတွင် လမ်းသွားလမ်းလာ ပြည်သူများကို စစ်တပ်က ဖမ်းဆီးမှုများ လုပ်ဆောင်နေခြင်းကြောင့် မြို့ပေါ်များ၌ လူရှင်းနေကာ စျေးဆိုင်များပင် ပိတ်ထားရကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
၂၀၂၄ခုနှစ်၊ ဩဂုတ် ၁၅ရက်မှစတင်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လမ်းမမျာ၌ သွားလာနေသူများကို ဖမ်းဆီးခြင်၊ ပေါ်တာဆွဲခြင်းများ လုပ်ဆောင်နေခြင်းကြောင့် ပဲခူးတိုင်းအနောက်ခြမ်းမြို့ပေါ်များတွင် လူသွားလူလာနည်းပါးခဲ့ ခြင်းဖြစ်ကြောင်း သာယာ၀တီမြို့ပေါ်ရှိ ကုန်ဆုံဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။
“ ဖမ်းတာတွေက ပိုပိုဆိုးလာတယ်။ ပြီးတော့ သူတို့(စစ်တပ်)က မြို့အဝင် အထွက်တွေမှာ စောင့်ပြီးဖမ်းတာ၊ ပိုဆိုးတာက အိမ်စီးကားတွေနဲ့ ပတ်ပြီး လမ်းမှာတွေ့တဲ့ လူငယ်တွေကို ဖမ်းတာတွေ လုပ်လာတာ၊ အဲ့ဒီတော့ ယောင်္ကျားလေးတွေက မြို့ပေါ်ကို မလာတော့ဘူး။ အရမ်းအရေးကြီးမှ အမျိုးသမီးတွေ မြို့ပေါ်လာကြတာ၊ လူကတော်တော်ကို ရှင်းသွားတာ၊ ညနေဘက်ဆိုပိုဆိုးတယ်။ လူသွားလူလာနည်းသွားတော့ ဆိုင်တွေလဲ ရောင်းမကောင်းတော့ဘူး။ နေ့ခင်းပိုင်းလောက်ဆို ပိတ်ကုန်တယ်” ဟု ၎င်းက ပြောသည်။
ထို့ပြင် လက်ပံတန်းမြို့နယ်၌ စစ်ကောင်စီက ပြည်သူများကို ဖမ်းဆီးမှုအပြင် တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် ဒေသခံများ ထိတ်လန့်ကာ ဆိုင်ခန်းများ ပိတ်ထားရကြောင်း အဆိုပါမြို့ရှိ စားသောက်ဆိုင်ပိုင်ရှင် အမျိုးသားတစ်ဦးက ပြောသည်။
“ မနေ့က ရေငံဘက်မှာ တိုက်ပွဲဖြစ်တာ၊ မြို့သိမ်းတိုက်ပွဲဆိုပြီး အကုန်လုံးလန့်ကုန်ကြတာ၊ အိမ်တံခါးတွေပိတ်ပြီး ရှောင်ဖို့ ပြေးဖို့လုပ်နေရတာ၊ ဘယ်နေ့ ဘာဖြစ်မှန်းမသိတော့ စျေးရောင်းတဲ့သူတွေလည်း ခဏပဲ မနက်စောစောလောက် ရောင်းပြီး ပိတ်ကုန်ကြတာ” ဟု ၎င်းက ရှင်းပြသည်။
ယခုကဲ့သို့ လမ်းသွား လမ်းလာ လူငယ်များ အဖမ်းခံနေရခြင်းကြောင့် လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များ ရောင်းအား ကျဆင်းသွားကာ ဆိုင်ပိတ်သိမ်းရမည့် အခြေအနေများသို့ရောက်ရှိနေကြောင်း အုတ်ဖိုမြို့နယ်မှ လက်ဖက်ရည်ဆိုင် ပိုင်ရှင်တစ်ဦးက ပြောသည်။
“ ကုန်စိမ်းတွေ၊ အသားငါးတွေက မနက်စောစောလာဝယ်တဲ့သူတွေရှိတော့ ရောင်းရသေးတယ်။ ကျတော်တို့ လက်ဖက်ရည်ဆိုင်ကာ ယောင်္ကျားလေးတွေ အဓိက ထိုင်ကြတာလေ၊ အခုလာမဲ့သူမရှိတော့ ရောင်းကို မရောင်းရဘူး။ မြို့ပေါ်က သက်ကြီးပိုင်း လူအနည်းငယ်လောက်ပဲလာထိုင်ကြတာ၊ ကျတော်တို့ထက်ပိုဆိုးတာက အရက်၊ ဘီယာဆိုင်တွေပဲလေ၊ သူတို့က ညနေဘက်ကို အဓိကထားရောင်းရတာ၊ အခုညနေဘက်ဆို လူကိုရှင်းနေတာပဲ၊ အခုလိုဖြစ်နေတာ ဆယ်ရက် လောက်ရှိနေပြီ၊ ဒီတိုင်းဆက်သွားမယ်ဆိုရင် ဆိုင်ပိတ်ရတော့မယ်” ဟု လက်ဖက်ရည်ဆိုင်ပိုင်ရှင်က ရှင်းပြသည်။
အထက်ပါ ကိစ္စများကြောင့် ပဲခူးတိုင်းအနောက်ခြမ်းရှိ မြို့နယ်များတွင် ဆေးခန်းများပါ ပိတ်လာသည့်အတွက် ကျန်းမာရေး မကောင်းသူများ ဆေးခန်းပြရန်ပင် အခက်အခဲဖြစ်နေရကြောင်း မင်းလှမြို့မှ အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။
“ ပြီးခဲ့တဲ့ရက်က ညနေပိုင်း ခြမ်းခတ်နေတဲ့ ကလေးတွေကိုဝင်ဖမ်းတာ နှစ်ယောက်ပါသွားတယ်။ ထွက်ပြေးတဲ့သူတွေ ရဲ့ ဆိုင်ကယ်တွေကို သိမ်းသွားတာ၊ အဲ့ဒီတော့ နှစ်နာရီ သုံးနာရီလောက်ဆို ဆိုင်တွေအကုန်ပိတ်ကုန်ပြီ၊ ဆေးခန်းတွေပါ ပိတ်ကုန်တာ၊ ကျန်းမာရေးမကောင်းလို့ ဆေးခန်းပြရမဲ့သူတွေ ပိုဒုက္ခရောက်ရတာပေါ့” ဟု ၎င်းက ပြောသည်။
ယင်းကဲ့သို့ စစ်ကောင်စီက ပြည်သူများကို အကြောင်းမဲ့ဖမ်းဆီးနေသည့် ကိစ္စနှင့် ပတ်သက်ပြီး စစ်တပ်ထောက်ခံသည့် ပေါက်ကိုတော်နှင့် မပုတုတို့က လမ်းသွားလမ်းလာပြည်သူများကို စစ်တပ်က ဥပဒေမဲ့ ဖမ်းဆီးခြင်း၊ ပေါ်တာဆွဲခြင်း၊ စစ်မှုထမ်းခိုင်းခြင်း၊ ငွေကြေးတောင်းခံခြင်းများလုပ်ဆောင်နေသည်ဟု ပြောကြားထားမှုများရှိသော်လည်း စစ်တပ်ပိုင် မြ၀တီသတင်းဌာနကမှု သတင်းမီဒီယာများက မဟုတ်မှန် ရေးသားနေခြင်းသာဖြစ်သည်ဟု ဖော်ပြထားသည်။
ထိုသို့ လူငယ်များကို စစ်ကောင်စီ ဖမ်းဆီးပြီး စစ်မှုထမ်းခိုင်းသည့်အပြင် အသက် ၃၅နှစ်မှ ၆၅ နှစ်အတွင်းရှိ အမျိုးသားများကို ရပ်ကွက်၊ ကျေးရွာ ကာကွယ်ရန်အတွက်ဟုဆိုကာ ပြည်သူ့စစ်အဖွဲ့များ၌ ပါဝင်ရန် ဖိအားပေးမှုများ လည်းရှိနေသည်။
လက်ရှိ ပဲခူးတိုင်းအနောက်ခြမ်းမြို့နယ်များတွင် တော်လှန်ရေးတပ်ဖွဲ့များက မြို့သိမ်းတိုက်ပွဲဖော်ဆောင်မည်ဆိုသော သတင်းကြောင့် စစ်ကောင်စီသည် လုံခြုံရေးတင်းကျပ်ကာ ဧည့်စာရင်းစစ်ခြင်းနှင့် ကျေးရွာများအထိ ကင်းပတ်မှုများ ပိုမိုလုပ်ဆောင်လာကြောင်း ဒေသခံများထံမှ သိရသည်။
ထိုကဲ့သို့ လုံခြုံရေးပိုမိုတင်းကျပ်ထားသည့် စစ်ကောင်စီသည် ဩဂုတ် ၂၄ရက်က ပဲခူးရိုးမအတွင်း နယ်မြေရှင်းလင်းမှုလုပ်ဆောင်မှုများ လုပ်ဆောင်ခဲ့ရာ တော်လှန်ရေးပူးပေါင်းတပ်များ၏ ကြားဖြတ်တိုက်ခိုက်မှုကိုခံခဲ့ရပြီး စစ်သား ၂၀ ကျော်သေဆုံးခဲ့သည့်အပြင် ဆယ်ဦးဖမ်းဆီးခံခဲ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။