By Nway / MPA
အင်းစိန်ထောင်မှ သာယာဝတီထောင်သို့ ပြောင်းရွှေ့ခြင်းခံရသော နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်တို့က အကြောင်းမဲ့ ရိုက်နှက်ညှဉ်းပန်းခဲ့ကြောင်း သိရသည်။
နိုင်ငံရေးအကျဉ်းသားများကို ထောင်အဝင်နှင့် ထောင်ဗူးဝတို့တွင် စတင်ရိုက်နှက်ခဲ့ခြင်းဖြစ်ပြီးနိုင်ငံရေးအကျဉ်းသား ၄၀ကျော်တို့မှာ ဦးခေါင်းနှင့် အခြားနေရာများ၌ ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ ထောင်ပြောင်းရွှေ့ခံရသည့် နိုင်ငံရေးအကျဉ်းသားများအနက် ၎င်းတို့ Black List သွင်းထားသည့် နိုင်ငံရေးအကျဉ်းသား ၁၀ ဦးကျော်ကိုလည်း ရိုက်နှက်၍ တိုက်ထဲတွင်သာ ဒေါက်ခတ်၍ထားကြောင်း ယနေ့ ( ဩဂုတ် ၁၉ရက် ) တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က သတင်းထုတ်ပြန်သည်။
” အင်းစိန်ထောင်မှာထဲက ထောင်တွင်းသပိတ်တွေမှာပါဝင်၊ ထောင်အာဏာပိုင်တွေရဲ့ဖိနှိပ်မှုတွေကို အကျဉ်းသားတွေဘက်က မားမားမတ်မတ်ရပ်တည်ပေးတဲ့ နိုင်ကျဉ်းတွေကို Black List သွင်းထားတာပါ ” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်၊ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက MPA ကိုပြောသည်။
နိုင်ငံရေးအကျဉ်းသားများကို အကြောင်းမဲ့ ရိုက်နှက်သူများထဲတွင် သာယာဝတီထောင်မှ အသက်(၅၀)ဝန်းကျင်အရွယ်ရှိ ထောင်တပ်ကြပ် စိုးမင်း ဆိုသူ အဓိကပါဝင်ကြောင်း သိရသည်။
ဇူလိုင်၂၁ရက်တွင် အင်းစိန်ထောင်မှ နိုင်ငံရေးအကျဉ်းသားအများစုပါဝင်သည့် အကျဉ်းသား ၃၀၀ ကို သာယာဝတီထောင်သို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ကြောင်း PPNM ကဆိုသည်။