By Ko Paing/MPA
ပဲခူးတိုင်းအနောက်ခြမ်းမြို့နယ်များတွင် စစ်မှုမထမ်းချင်သူများကို စစ်ကောင်စီက ကျပ်ငွေသိန်း ၃၀ တောင်းနေကြောင်းသိရသည်။
သြဂုတ် ၁၆ ရက်မှ စတင်ကာ စစ်ကောင်စီတပ်က ပဲခူးတိုင်းအနောက်ခြမ်းရှိမြို့နယ်များတွင် စစ်မှုမထမ်းဆောင်ချင်ပါက ကျပ်ငွေသိန်း ၃၀ ပေးရမည်ဟု ပေါက်ဈေးသတ်မှတ်ကြောင်း ဒေသခံ အချို့ထံက သိရသည်။
“ကျတော်တို့ မြို့နယ် လက်ရှိသိန်း ၃၀ ပေါက်တယ်။အရင်က ငါး သိန်းပေါက်တာ။စစ်မှုမထမ်းချင်ရင်တော့ ပိုက်ဆံပေး ရွေး။မရှိရင်တော့ စစ်တပ်ခေါ်ရာလိုက်”ဟု ပေါင်းတည်မြို့နယ်အုပ်ချုပ်ရေးနှင့်နီးစပ်သူက ပြောသည်။
ပေါင်းတည်မြို့နယ်၊ဟင်္သာကန်ရပ်ကွက်နှင့်ပြည်မြို့နယ်၊ထမ္မကောက်ကျေးရွာတို့မှ လူငယ် နှစ်ဦး စစ်မှုမထမ်းချင်သဖြင့် ငွေ သိန်း ၃၀ စီပေးဆောင်ခဲ့ရကြောင်း သိရသည်။
သိန်း၃၀ပေးထားသူများသည် လတ်တလောစစ်မှုထမ်းခေါ်ယူခြင်းမှ ကင်းလွတ်ခွင့်ရပြီး မည်မျှကြာ အောင် ကင်းလွတ်ခွင့်ရမလဲဆိုသည်ကိုမူ မသိကြောင်း ပေါင်းတည်မြို့နယ်အုပ်ချုပ်ရေးနှင့်နီးစပ်သူက ဆိုသည်။
ပဲခူးတိုင်းအနောက်ခြမ်းမြို့နယ်များသည့် သာယာဝတီ၊လက်ပံတန်း၊မိုးညို၊ကြို့ပင်ကောက်၊ဇီးကုန်း၊နတ်တလင်း၊ပေါင်းတည်၊ရွှေတောင်၊ပြည်၊သဲကုန်း၊ပေါင်းခေါင်းနှင့်ပန်းတောင်းမြို့နယ်တို့ရှိကျေးရွာများတွင် စစ်မှုထမ်းစာရင်းထဲပါပြီး စစ်မှုမထမ်းလိုသူများအား ကျပ်သိန်း ၃၀ တောင်းနေခြင်းဖြစ်သည်။